တရားဥပ‌ဒေဆိုင်ရာပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ဆွေးနွေးနေသော မက္ကဆီကို အထက်လွှတ်တော်ထဲကို ဆန္ဒပြသူများ ချင်းနင်း ဝင်ရောက်

တရားဥပ‌ဒေဆိုင်ရာပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ဆွေးနွေးနေသော မက္ကဆီကို အထက်လွှတ်တော်ထဲကို ဆန္ဒပြသူများ ချင်းနင်း ဝင်ရောက်
Published 11 September 2024
Ref:AFP

ဆန္ဒပြသမားများပါဝင်သော လူအုပ်သည် စက်တင်ဘာ ၁၁ ရက်တွင် မက္ကဆီကိုအထက်လွှတ်တော်ထဲကို ချင်းနင်းဝင်ရောက်ခဲ့သောကြောင့် တရားသူကြီးများကို မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်ရသည့်အငြင်းပွားဖွယ် အဆိုပြုချက်များကို အခြေအတင်ဆွေးနွေးမှုအား ရပ်ဆိုင်းထားခဲ့ရသည်။

အဆိုပါ အငြင်းပွားဖွယ် အဆိုပြုချက်ကို ရာထူးမှ ထွက်ခွာတော့မည် သမ္မတ အန်းဒရက်စ်မန်နျူရယ်လိုပက်အိုဘရာဒိုကတင်ပြလာခြင်းဖြစ်သည်။

မက္ကဆီကိုအား တရားသူကြီးများကို ရွေးကောက်သည့် ကမ္ဘာ၏တစ်ခုတည်းသော နိုင်ငံဖြစ်လာစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားသော တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအမံသည် လူထု ဆန္ဒပြပွဲများ၊သံတမန်ရေးဆိုင်ရာ တင်းမာမှုများ၊ ရင်းနှီးမြှုပ်နှံသူ ထိတ်လန့်မှုများကို ပေါ်ပေါက်စေခဲ့သည်။

လွှတ်တော် အဆောက်အအုံထဲကို ဆန္ဒပြသူများ ဝင်ရောက်လာသောကြောင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျာရာဒိုဖာနန်ဒက်နိုရိုနာက အချိန်အကန့်အသတ်မရှိ လွှတ်တော် ရပ်နားကြောင်း ကြေညာခဲ့သည်။ ဆန္ဒပြသမားများပါသော လူအုပ်က အထက်လွှတ်တော် ခန်းမဆောင်ထဲရောက်နေသည်ကို ရုပ်သံထုတ်လွှင့်ပေးသော ပုံများတွင် တွေ့ရသည်။

အထက်လွှတ်တော်အမတ်များက အဆိုပြုချက်များကို စတင် ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာတွင် လွှတ်တော်ဥက္ကဌက ဆွေးနွေးမှုကို စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် အခြားနေရာတစ်ခု၌ ပြန်လည်စတင်မည်ဟု နောက်ပိုင်းတွင် ကြေညာခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင်ကလော်ဒီယာရှိုင်းဘောင်း သမ္မတအဖြစ်အစားထိုးဝင်ရောက်မလာမီ ဥပဒေကြမ်းကို ပြဌာန်းစေလိုသော လက်ရှိသမ္မတလိုပက်အိုဘရာဒိုက"မျက်မှောက်စနစ်မှာ တရားရုံးတွေက နိုင်ငံရေးနဲ့စီးပွားရေး အထက်လွှာပိုင်းကသူတွေရဲ့အကျိုးစီးပွားတွေကိုပဲ ထမ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် တရားရေးစနစ်ဟာ ဆွေမျိုးကောင်းစားရေးဝါဒ မွစာတက်နေပြီး အဂတိလိုက်စားမှုတို့နဲ့အတူ ဆိုးရွားနေပါတယ်"ဟု ပြောကြားခဲ့သည်။

"ဒီပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့သူတွေ အစိုးရိမ်ဆုံး အရာကတော့ သူတို့ရဲ့အခွင့်ထူးတွေကို လက်လွှတ်ဆုံးရှုံးသွားမှာကို ကြောက်နေတဲ့သူတွေဖြစ်ပါတယ်။အကြောင်းကတော့ တရားစီရင်ရေးဟာ အင်အားကြီးသူတွေရဲ့ စေလိုရာစေ‌ဖြစ်နေပြီး ရုံးဝန်ထမ်းတွေကျူးလွန်တဲ့ အမှုတွေရဲ့စေလိုရာစေဖြစ်နေလို့ ဖြစ်ပါတယ်"ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်တရားရုံး တရားသူကြီးများနှင့်အခြားထိပ်တန်းတရားသူကြီးများကိုသာမက အရပ်ဒေသအဆင့်တရားသူကြီးများကို ပြည်သူလူထုက ရွေးချယ်ပေးရလိမ့်မည့် အစီအမံကို တရားရုံးဝန်ထမ်းများ၊ ဥပဒေကျောင်းသားများအပါအဝင် ပြိုင်ဘက်များက ဆက်တိုက် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထမ်းဆောင်ဆဲ တရားသူကြီးများသည် ၂၀၂၅သို့မဟုတ် ၂၀၂၇ တွင် ရွေးကောက် ပွဲဝင်ရမည့် အနေအထားဖြစ်လာလိမ့်မည်ဖြစ်သည်။

"ဒါဟာ အခြားဘယ်နိုင်ငံမှာမှ မရှိပါဘူး"ဟုတရားသူကြီးများနှင့်ရှေ့နေများ လွတ်လပ်မှုဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မာဂရတ်ဆက်သာဝိတ်က ပြောကြားခဲ့သည်။

 

Photos:AFP

Most Read

Most Recent