mpox ရောဂါသည် အနီးကပ်စကားပြောဆိုခြင်းမှတစ်ဆင့် ကူးစက်နိုင်သော်လည်း ရာခိုင်နှုန်း နည်းပါးကြောင်း WHO ပြောကြား

mpox ရောဂါသည် အနီးကပ်စကားပြောဆိုခြင်းမှတစ်ဆင့် ကူးစက်နိုင်သော်လည်း ရာခိုင်နှုန်း နည်းပါးကြောင်း WHO ပြောကြား
သြဂုတ် ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆိုကာနို-ဟက်တာလေဆိပ်တွင် mpox ရောဂါသတိပေး ဆိုင်းဘုတ်အနီး၌ လမ်းလျှောက်နေသည့် ခရီးသွားတစ်ဥိးကို တွေ့ရစဉ် (Photo:AFP)
သြဂုတ် ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆိုကာနို-ဟက်တာလေဆိပ်တွင် mpox ရောဂါသတိပေး ဆိုင်းဘုတ်အနီး၌ လမ်းလျှောက်နေသည့် ခရီးသွားတစ်ဥိးကို တွေ့ရစဉ် (Photo:AFP)
Published 28 August 2024

mpox ရောဂါသည် စကားပြောဆိုခြင်းကဲ့သို့ လူ့ခန္ဓာကိုယ်မှထွက်သည့် အရည်အမှုန်အမွှား အစက်အပျောက်များမှတစ်ဆင့် ကူးစက်နိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်မှုနှင့် နှိုင်းယှဉ်ပါက ကူးစက်နိုင်ခြေနည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ထိုရောဂါကူးစက်ပျံ့နှံ့မှု အခြေ အနေကို သိရှိနားလည်ရန် သုတေသနများ ပြုလုပ်ရန်လိုအပ်ကြောင်း WHO က ပြောကြားခဲ့သည်။

ဒီအာရ်ကွန်ဂိုနိုင်ငံတွင် အလွန်ကူးစက်မြန်သည့် mpox ဗိုင်းရပ်စ်မျိုးကွဲသစ်ဖြစ်သည့် Clade 1 b မျိုးကွဲကူးစက်မှုများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံှ့ခဲ့သည့် အခြေအနေကြောင့် WHO သည် သြဂုတ် ၁၄ ရက်တွင် mpox ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

WHO ၏ ဝက်ဘ်ဆိုက်တွင် mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသူနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အများဆုံးကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။

“ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုတွေထဲမှာ အရေပြားချင်းထိတွေ့တာ၊ လိင်ဆက်ဆံတာ၊ နှုတ်ခမ်းချင်း ထိတွေ့နမ်းရှုံ့တာ တွေပါဝင်ပါတယ်”ဟု WHO က ပြောသည်။

ထို့ပြင် mpox ရောဂါကူးစက်ခံထားရသူနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်း သို့မဟုတ် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ အသက်ရှူခြင်း အစရှိသည့်အခြေအနေများလည်း အနီးကပ်ထိတွေ့မှုတွင် ပါဝင်နိုင်သည်ဟု WHO က ထုတ်ပြန်ခဲ့သည်။

“ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး အနာတွေ ပေါက်နေတဲ့လူနဲ့ အနီးကပ်စကားပြောတာ၊ သူ့အနားမှာ အသက်ရှူတာ ရုပ်ပိုင်းဆိုင်ရာ  နီးကပ်စွာ တည်ရှိတာနဲ့ မျက်နှာချင်းဆိုင် ရှိ နေချိန်မှာလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ခြေကတော့ နည်းပါတယ်” ဟု WHO ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟဲရစ် က သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အများအားဖြင့် အရေပြားချင်း ထိတွေ့မှုသည် ရောဂါကူးစက်သည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ဟဲရစ်က ဂျီနီဗာတွင် ပြောကြားခဲ့သည်။

“သင်က တစ်ခြားတစ်ယောက်ကို စကားပြောချိန်မှာ တံတွေးအစက်ကလေးတွေ အပြင်ကို ထွက်လာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါ ဟာ ရောဂါကူးစက်ရတဲ့ အဓိကအကြောင်းရင်း မဟုတ်ပါဘူး။ ကူးစက်ပျံ့နှံ့မှုအခြေအနေကို အပြည့်အဝသိရှိဖို့ သုတေသနတွေလုပ်ဖို့ လိုအပ်ပါတယ်”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

ထို့ပြင် mpox ရောဂါကူးစက်ခံထားရသူများနှင့် mpox လူနာများကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်းဝတ်ဆင်ရန်နှင့် WHO က အကြံပြုထားသည်။

လက်ရှိဖြစ်ပွားနေသည့် mpox ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန်အတွက် လာမည့်ခြောက်လတာ ကာလအတွင်း ဒေါ်လာ ၁၃၅ သန်းထက်မနည်း လိုအပ်လိမ့်မည်ဖြစ်ကြောင်းလည်း သြဂုတ် ၂၃ ရက်က WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယေဆုက ပြောကြားခဲ့သည်။

mpox ရောဂါမျိုးကွဲနှစ်မျိုးရှိပြီး Clade 1 မျိုးကွဲသည် ဗဟိုအာဖရိကရှိ ကွန်ဂိုမြစ် ဝှမ်းဒေသတွင် ကူးစက်ပျံ့နှံ့နေကာ Clade 2 မျိုးကွဲသည် အနောက်အာဖရိကတွင် ကူးစက်ပျံ့နှံ့ခဲ့သည်။

Ref:AFP

Most Read

Most Recent