မက္ကဆီကိုနိုင်ငံကို ရုရှားသမ္မတပူတင် ရောက်ရှိလာပါက ၎င်းအားဖမ်းဆီးရန် ယူကရိန်းက မက္ကဆီကိုအစိုးရကို တိုက်တွန်း

မက္ကဆီကိုနိုင်ငံကို ရုရှားသမ္မတပူတင် ရောက်ရှိလာပါက ၎င်းအားဖမ်းဆီးရန် ယူကရိန်းက မက္ကဆီကိုအစိုးရကို တိုက်တွန်း
သြဂုတ် ၇ ရက်က နာဗာအော်ဂါယောဗာ သမ္မတစံအိမ်တွင် ရုရှားအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်နေသည့် ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၇ ရက်က နာဗာအော်ဂါယောဗာ သမ္မတစံအိမ်တွင် ရုရှားအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်နေသည့် ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်(Photo: AFP)
Published 8 August 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် မက္ကဆီကို ရွေးကောက်ခံသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်မည်ဆိုပါက ပူတင်အားဖမ်းဆီးရန် မက္ကဆီကိုနိုင်ငံရှိ ယူကရိန်းသံရုံးက သြဂုတ် ၇ ရက်တွင် မက္ကဆီကိုအစိုးရကို တိုက်တွန်းခဲ့သည်။

ပူတင်ကို စစ်ရာဇဝတ်သားအဖြစ် ခေါ်ဆိုခဲ့သည့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာ ၁ ရက်တွင်ပြုလုပ်မည့် မက္ကဆီကိုသမ္မတသစ် ရှိန်းဘမ်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ယူကရိန်းသမ္မ တ ဗိုလိုဒီမာဇယ်လန်စကီးအား ဖိတ်ကြားခဲ့ ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

“မက္ကဆီကို အစိုးရအနေနဲ့ပူတင်ကို ဖမ်းဆီးပြီး သည်ဟိဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂခုံရုံးကို လွှဲပြောင်းပေးအပ်ခြင်းဖြင့် နိုင်ငံတကာဖမ်းဝရမ်းရဲ့ အမှုအခင်းကို လိုက်နာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ယူကရိန်းသံရုံးက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လက နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး(ICC)သည် ယူကရိန်းကလေးများ အတင်း အဓမ္မနယ်နှင်ခံရမှုနှင့်ပတ်သက်ပြီး ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ရှိန်းဘမ်း၏ လက်အောက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့်ဟွမ်ရာမွန်ဒီလာ ဖူအန်တီက သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရုရှားနှင့်ယူကရိန်းအပါအဝင် မက္ကဆီကိုနှင့် သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံအားလုံးမှ ခေါင်းဆောင်များကို ဖိတ်ကြားထားကြောင်း ပြောကြားခဲ့သည်။

ရှိန်းဘမ်းသည် ဇွန်လ ၂ ရက်ကပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် သမိုင်းဝင်အောင်ပွဲရရှိခဲ့ပြီး အောက်တိုဘာလတွင် ခြောက်နှစ်သက်တမ်းရှိသည့် သမ္မတတာဝန်ကို စတင်တာဝန်ထမ်းဆောင်ချိန်တွင် မက္ကဆီကို၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်မှတ်တမ်းဝင်လာမည်ဖြစ်သည်။

ရှိန်းဘမ်း၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို ဂုဏ်ပြုစကားပြောကြားခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များထဲတွင် ပူတင်နှင့် ဇယ်လန်စကီးတို့ ပါဝင်ခဲ့သည်။

ထိုအချိန်အတောအတွင်း ရုရှားသည် ယူကရိန်း၏နယ်စပ်ဖြတ်ကျော်တိုက်ခိုက်သည့် ဒုတိယမြောက်နေ့ဖြစ်သည့် သြဂုတ် ၇ ရက်တွင် နှစ်နိုင်ငံစလုံး၏ နယ်စပ်ဒေသတွင်နေထိုင်သည့် အရပ်သားများသည် ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ယူကရိန်းစစ်သားများ၊ တင့်ကားများနှင့် ကျည်ကာကားများသည် ရုရှား၏နယ်စပ်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၃၆ နာရီအကြာဖြစ်သည့် သြဂုတ် ၇ ရက်မွန်းလွဲပိုင်းတွင် ရုရှား၏ ကာ့စ်ဒေသတွင်ဒေသန္တရအဆင့် အရေးပေါ်အခြေအနေကြေညာခဲ့သည်။

ရုရှားသည် ယူကရိန်း၏တိုက်ခိုက်မှုကို တွန်းလှန်ရန်အတွက် သြဂုတ် ၇ ရက်တစ်နေ့လုံးတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည်။

နယ်စပ်ဒေသတွင် နှစ်ရက်ကြာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏နယ်နိမိတ်အတွင်း မည်မျှနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်ဆိုခြင်းကို ရှင်းလင်းစွာမသိရသေးပေ။

ယူကရိန်းနှင့် ရုရှားစစ်ဘက် ဘလော့ဂါများကမူ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနယ်နိမိတ်အတွင်း ကီလိုမီ တာအနည်းငယ်အထိ ဝင်ရောက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရုရှားသမ္မတပူတင်ကမူ ယူကရိန်းသည် အရပ်ဘက်အဆောက်အအုံများကို လက်လွတ်စပယ်တိုက်ခိုက်နေပြီး ရုရှားစစ်တပ်အကြီးအကဲကမူ ယူကရိန်း၏ ဝင်ရောက်တိုက်ခိုက်မှုကို ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent