ပါကစ္စတန်ရဲတပ်ဖွဲ့က အိုစမာဘင်လာဒင်၏ လက်ထောက်ဖြစ်သည့် အယ်ကေဒါခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိ

ပါကစ္စတန်ရဲတပ်ဖွဲ့က အိုစမာဘင်လာဒင်၏ လက်ထောက်ဖြစ်သည့် အယ်ကေဒါခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိ
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo: AFP)
Published 20 July 2024

အမေရိကန်တွင်ဖြစ်ပွားခဲ့သည့် ၉/၁၁ တိုက်ခိုက်မှုကိုနောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် အိုစမာဘင်လာဒင်၏ နီးစပ်သည့် လက်ထောက်တစ်ဦးဖြစ်ခဲ့သည့် အယ်ကေဒါခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု အရာရှိများက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အမ်မင် အူလ်ဟက် အမည်ရှိ အဆိုပါ အမျိုးသားကို နှစ်ပေါင်းများစွာကြာခြေရာခံခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်းထောက်လှမ်းရေး လက်ထောက်အကြီးအကဲ အူစမန်ဂွန်ဒယ်က ပြောကြားခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ပန်ဂျပ်ပြည်နယ်တွင် တိုက်ခိုက်မှုများပြုလုပ်မည့် ဟက်၏ အစီအစဉ်များကို တားဆီးနိုင်ခဲ့သည်ဟုလည်း ဂွန်ဒယ်က လာဟိုးမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

ဟက်သည် အယ်ကေဒါအွဲ့နှင့် ဆက်နွှယ်သူများအား ပိတ်ဆို့မှုပြုလုပ်ထားသည့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သူဖြစ်သည်။

အာဖဂန်နိုင်ငံသားဖြစ်သည့် ဟက်သည် အယ်ကေဒါအဖွဲ့အတွက် ငွေကြေးရှာဖွေသူဖြစ်ပြီး သောင်းကျန်းသူများကို လက်နက်များ ထောက်ပံ့ပေးနေသူဖြစ်ကြောင်း စွပ်စွဲခံခဲ့ရသည်။

ဟက်ကို ဂျီလမ်မြို့အနီးရှိ မြို့နယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဂွန်ဒယ်က ပြောကြားခဲ့သော်လည်း မည်သည့်အချိန်က ဖမ်းဆီးရမိခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပါကစ္စတန်သည် အယ်ကေဒါထိပ်သီးခေါင်းဆောင်များကို ဖမ်းဆီးခဲ့ကာ အမေရိကန်သို့ လွှဲပြောင်းအပ်နှံခဲ့သည်။

ပါကစ္စတန်က ဖမ်းဆီးခဲ့သည့် အယ်ကေဒါခေါင်းဆောင်များထဲတွင် ဘင်လာဒင်၏လက်ထောက်များဖြစ်သည့် ခါလစ်ရှိတ် မူဟာမက်၊ ရမ်ဇီဘင်နယ်လ်ရှီဘာနှင့် အဘူ ဇူဘေဒါတို့ ပါဝင်သည်။

အမေရိကန်ကို အကူအညီပေးနေသည့် ပါကစ္စတန်၏လုပ်ဆောင်ချက်များသည် စစ်သွေးကြွများကို ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် စစ်သွေးကြွများသည် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများကို တိုက်ခိုက်ခဲ့သည်။

၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာခဲ့ပြီးကတည်းက ပါကစ္စတန်တွင် အကြမ်းဖက်မှုများ မြင့်တက်ခဲ့သည်။

တိုက်ခိုက်မှုအများစုကို TTP ဟု လူသိများသည့် ပါကစ္စတန်တာလီဘန်အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။

TTP အဖွဲ့သည် အာဖဂန်တာလီဘန်အဖွဲ့နှင့်သီးခြားအဖွဲ့ဖြစ်သော်လည်း အာဖဂန်တာလီဘန်များ၏ မဟာမိတ်အဖွဲ့ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ခိုင်ဘာပက်ခ်ထန်ခါ၀ါပြည်နယ် ဘန်နူမြို့ရှိ စစ်တန်းလျားဝင်း၏ အပြင်ဘက်နံရံကို အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးများတင်လာသည့်ကားဖြင့်ဝင်တိုက်ပြီး ဖောက်ခွဲတိုက်ခိုက် ခဲ့သဖြင့် စစ်သားရှစ်ဦးသေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုအပြီးတွင် စစ်သားများ၏ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ ၁၀ ဦးသေဆုံးခဲ့သည်။

Ref: AP

Most Read

Most Recent