ရုရှားနိုင်ငံ မပါဝင်ဘဲ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် ခက်ခဲလိမ့်မည်ဟု တရုတ် ပြောကြား

ရုရှားနိုင်ငံ မပါဝင်ဘဲ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် ခက်ခဲလိမ့်မည်ဟု တရုတ် ပြောကြား
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ယူကရိန်း၏ ဇာပိုရီရှားဒေသတွင် စစ်ရေးလေ့ကျင့်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ယူကရိန်း၏ ဇာပိုရီရှားဒေသတွင် စစ်ရေးလေ့ကျင့်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo: AFP)
Published 1 June 2024

ဆွစ်ဇာလန်နိုင်ငံတွင် ယခုလအတွင်း ပြုလုပ်မည့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ရုရှားနိုင်ငံပါဝင်ခြင်းမရှိခဲ့ပါက ၎င်းအနေဖြင့် တက်ရောက်ရန် ခက်ခဲလိမ့်မည်ဟု တရုတ်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သည် ၎င်းသည် ယူကရိန်းပဋိပက္ခတွင် ကြားနေအဖြစ်ရပ်တည်ကြောင်း ပြောကြားထားပြီး ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချရန် ငြင်းဆိုခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

ယူကရိန်းသည် ယခုလအတွင်းပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံကိုတက်ရောက်ရန် လှုံ့ဆော်နေပြီး ထိုညီလာခံတွင် ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန်လိုအပ်သည့် ၎င်း၏ သတ်မှတ်ချက်များကို နိုင်ငံတကာ၏ ကျယ် ပြန့်သည့်ထောက်ခံမှုကိုရရှိရန် မျှော်မှန်းထားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက တရုတ်အား ထိုညီလာခံကိုတက်ရောက်ရန် တိုက်တွန်းခဲ့သော်လည်း ထိုညီလာခံတွင် ရုရှားကပါဝင်ရန်လိုအပ်လိမ့်မည်ဟု တရုတ်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုညီလာခံသည် ရုရှားနှင့် ယူကရိန်းကို အသိအမှတ်ပြုသင့်ကြောင်း သက်ဆိုင်ရာနိုင်ငံများအားလုံး သာတူညီမျှ ပါဝင်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေးအစီအစဉ်အားလုံးကို မျှမျှတတဆွေးနွေးသင့်သည်ဟု တရုတ်က ယူဆထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။

သို့မဟုတ်ပါက ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် ထိရောက်သည့် အခန်းကဏ္ဍမှပါဝင်ရန်ခက်ခဲလိမ့်မည်ဟု မော်က ပြောကြားခဲ့သည်။

ထိုညီလာခံစီစဉ်မှုသည် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်များနှင့် ကိုက်ညီမှုမရှိသေးသဖြင့် တရုတ်အနေဖြင့် တက်ရန် ခက်ခဲနေသည်ဟု မော်က ပြောသည်။

ရုရှားကမူ ထိုငြိမ်းချမ်းရေးညီလာခံကို ရုရှားမပါဘဲ ကျင်းပမည့် အိုင်ဒီယာသည် အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။

“ရုရှားမပါဘဲ အဲဒီလို ညီလာခံမျိုးတွေကျင်းပမယ်ဆိုရင် အချဉ်းနှီးဖြစ်လိမ့်မယ်ဆိုတာကို တရုတ်က အစကတည်းက ပြောခဲ့ဖူးပါတယ်”ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခကို ရုရှားမပါဘဲ အဖြေရှာရန် ကြိုးပမ်းခြင်းသည် ယုတ္တိမရှိဘဲ အချိန်ဖြုန်းခြင်း သက်သက်သာဖြစ်လိမ့်မည်ဟု ၎င်းကဆိုသည်။

စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ၏ ဘေးဆွယ်တွေ့ဆုံမှုများတွင် တရုတ်ထိပ်သီးကာကွယ်ရေးအရာရှိက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်၏ခိုင်မာမှုရှိပြီး သမာသမတ်ကျသည့် သဘောထားကို ထပ်လောင်းပြောဆိုခဲ့သည်ဟု ပက်စ်ကော့ဗ်က ပြောသည်။

“ပဋိပက္ခဖြစ်ပွားနေတဲ့ ဘယ်နိုင်ငံကိုမျှ လက်နက်တွေ မထောက်ပံ့တဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတွက် ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ဟာ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားပါတယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျန်းတို့၏ ကြုံတောင့်ကြုံခဲ အစည်းအဝေးအပြီးတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ ဝူချင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref: AFP