သာကေတမြို့နယ်ရှိ  ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိသဖြင့် လက်သုပ်၊ တုတ်ထိုးနှင့် ယင်နားစာရောင်းချသည့်ဆိုင်များ ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားရန် လိုက်လံကြေညာ

သာကေတမြို့နယ်ရှိ  ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိသဖြင့် လက်သုပ်၊ တုတ်ထိုးနှင့် ယင်နားစာရောင်းချသည့်ဆိုင်များ ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားရန် လိုက်လံကြေညာ
 ပုံစာ-ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ထူပါရုံရပ်ကွက်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ က လိုက်လံစစ်ဆေးနေစဉ်။(Photo-သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း)
ပုံစာ-ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ထူပါရုံရပ်ကွက်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ က လိုက်လံစစ်ဆေးနေစဉ်။(Photo-သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း)
Published 5 July 2024

သာကေတမြို့နယ် ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိသဖြင့် လက်သုပ်၊ တုတ်ထိုးနှင့် ယင်နားစာရောင်းချသည့် ဆိုင်များကို ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားရန် သက်ဆိုင်ရာက အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေဟု ဇူလိုင် ၅ ရက်က သာကေတမြို့နယ်ရှိ ရပ်ကွက်အတွင်းနေထိုင်သူများက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဇူလိုင် ၅ ရက် ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ကို ကြားသိရကြောင်း သာကေတမြို့နယ်၊ အနော်မာရပ်ကွက်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

သာကေတမြို့နယ်၊ အနော်မာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက '' ဟုတ်ပါတယ်။ ရပ်ကွက်ထဲမှာ ဝမ်းပျက် ဝမ်းလျောဖြစ်နေတာနဲ့ ပတ်သက်ပြီး အသံချဲ့စက်နဲ့ ကြေညာသွားတယ်။ အစားအသောက်ဆိုင်တွေကို အဓိက ပြောတာကြားလိုက်ရပါတယ်။ ဒီရက်ပိုင်းအတွင်း ခဏပိတ်ထားဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောသွားတာ ကြားလိုက်တယ်။ အသုပ်ဆိုင်၊ အကင်ဆိုင်၊ တုတ်ထိုးဆိုင်တွေရော အဓိက ယင်နားစာဖြစ်နိုင်တဲ့ဆိုင်တွေကို ခဏပိတ်ထားဖို့ အသံချဲ့စက်နဲ့ အော်သွားပါတယ် '' ဟု ပြောကြားသည်။

သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကြေညာချက်အရ သာကေတမြို့နယ်အတွင်းရှိ အချို့နေရာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားလျက်ရှိရာ ထပ်မံ၍ ရောဂါကူးစက်မှု၊ ရောဂါဖြစ်ပွားမှုများ မရှိစေရေးအတွက် ထိန်းသိမ်းကုသရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဆောင်ရွက်ရန် ရပ်ကွက်အတွင်းရှိ လမ်းများအလိုက် ရောင်းချနေသော လက်သုပ်စုံများ၊ မုန့်ဟင်းခါးများ၊ မုန့်တီ၊ အကင်များ၊ တုတ်ထိုးများ ခွဲခြမ်းရောင်းချနေသော အသီးအနှံများ၊ ယင်နားနိုင်သော အစားအစာများ ပြင်ဆင်ပြုလုပ်ထားသော အစားအသောက်များ၊ သန့်ရှင်းမှုမရှိသောအစားအစာ ရောင်းချနေမှုကို ဇူလိုင် ၅ ရက် ညနေပိုင်းမှစ၍ ဇူလိုင် ၁၂ ရက်ထိ အစားအသောက်ရောင်းချခြင်းများကို ခတ္တယာယီပိတ်သိမ်းထားခြင်းဖြင့် ရောဂါဖြစ်ပွားမှုကာကွယ်တားဆီးရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ဖြစ်ကြောင်း သိရသည်။

" အရေးယူဖို့ ဘာညာတော့ မရှိပါဘူး။ ဒီဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်နေတဲ့အချိန်မှာ အသုပ်စုံရောင်းတဲ့ ဆိုင်တို့ တုတ်ထိုးဆိုင်တို့ ဒီရောဂါဖြစ်ပွားနေတဲ့အတွက် ကြိုတင်တားဆီးကာကွယ်ဖို့ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ ဒီဟာတွေမရောင်းချဖို့ လိုက်လံ ကြေညာပေးတာပါ။ စည်းရုံးရေးနဲ့ကာကွယ်ခြင်း ပုံစံမျိုးနဲ့ ဒီရက်အတော အတွင်းမှာ လိုက်လံကြေညာပေးတာပါ '' ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦး ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့များက   ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင်  သာကေတမြို့နယ် ထူပါရုံရပ်ကွက်အတွင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၆ ရက်တွင် ရပ်ကွက်အတွင်း ကလိုရင်းဆေးခတ် ဆေးဖြန်းခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း  သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် သာကေတမြို့နယ် နှင့် ထိစပ်နေသည့် ဒေါပုံမြို့နယ်ရှိတွင်လည်း  ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွား သူအချို့ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent