မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ကို ထည့်သွင်းသတ်မှတ်

မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ကို ထည့်သွင်းသတ်မှတ်
Published 8 July 2024

မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ကို ထည့်သွင်းသတ်မှတ်လိုက်ကြောင်း သိရသည်။

လာမည့် ၂ဝ၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပါဝင်လာမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့် နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ် ပြက္ခဒိန်နှစ်တစ်နှစ် မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရ ကြောင်း၊ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီး ဖြစ်ကြောင်းသိရသည်။

ထိုသို့ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက် နိုင်ငံတကာ နှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြား အာဆီယံနိုင်ငံများကဲ့သို့လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့လည်းကောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ နှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ၏အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်မှုနှင့်ပတ်သက်၍ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံနယ်ပယ်အသီးသီးက တရုတ်နှစ်သစ်ကူးနေ့ကို အလွန်အလေးထားကြပါကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောကနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့၌ အတူတကွကျင်းပသည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားအား တက်ရောက်ခဲ့ ကြောင်း၊ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာ ချန်းဟိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။