မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ ၁၅ ရွာများမှ လူဦးရေ ၁၉၈၄၅ ဦး ရေဘေးသင့်ခဲ့

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ ၁၅ ရွာများမှ လူဦးရေ ၁၉၈၄၅ ဦး ရေဘေးသင့်ခဲ့
Published 3 October 2024

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ကြောင်းတစ်လျှောက် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာ ၁၅ ရွာတို့မှ အိမ်ခြေ ၄၈၇၂ ခု၊ အိမ်ထောင်စု ၅၂၂၆ စု၊ လူဦးရေ ၁၉၈၄၅ ဦး ရေဘေးသင့်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံအနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်၊ အပူပျံတတ်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွှေ့လျားလာသော လေအေးများ တွေ့ဆုံမှုတို့ကြောင့်  စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းမှစ၍ နေပြည် တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာခြင်းနှင့် အချို့သော ဒေသများတွင် ဒေသအလိုက် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပန်းလောင်မြစ်အထက်ပိုင်း ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုများဖြစ်ပေါ်ခဲ့ရာ ပန်းလောင်မြစ် အထက်ပိုင်းရှိ တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် အောက်တိုဘာလ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ပန်းလောင်မြစ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါမြစ်ဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် ရွာခိုင်ကြီးကျေးရွာ၊ အိမ်ရှေ့တောင်ကျေးရွာ၊ ကဆွန်ကျေးရွာ၊ မြစ်ဆုံကြီးကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာတို့တွင် မြစ်ရေ ၄ ပေခန့်၊ မြစ်သားမြို့၊ ကျွန်းတောရပ်ကွက်၊ မြို့မ(အရှေ့/အနောက်)နှင့် ဘူတာရပ်ကွက်၊ မြစ်သားမြို့နယ်၊ ကျွန်းလှကျေးရွာ၊ မရှက်ကျေးရွာ၊ နွားကူးလေးကျေးရွာ၊ လောင်းတော်ဦးကျေးရွာ၊ ရွာမုန်းကြီးကျေးရွာ၊ ဟွေးကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာ၊ အုန်းကုန်း ကျေးရွာတို့တွင် မြစ်ရေ ၅ ပေခန့်၊ မြစ်သားမြို့၊ မင်းကုန်းရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်၊ ရွှေသူဌေး ရပ်ကွက်နှင့် အုပ်ရှစ်ကုန်းရပ်ကွက်များတွင် မြစ်ရေ ၃ ပေခန့် အသီးသီး ရေဝင်ရောက် နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာ ၁၅ ရွာတို့မှ အိမ်ခြေ ၄၈၇၂ ခု၊ အိမ်ထောင်စု ၅၂၂၆ စု၊ လူဦးရေ ၁၉၈၄၅ ဦး ရေဘေးသင့်ခဲ့သဖြင့် အဆိုပါရေဘေးသင့်ပြည်သူများအနက် အိမ်ခြေ ၁၁၈၀ ခု၊ အိမ်ထောင်စု ၁၁၉၀ စု၊ လူဦးရေ ၄၁၅၇ ဦးတို့အား ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်လှစ်ပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များက လိုအပ်သည့် ကူညီရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သွားရောက်၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်သားမြို့နယ်အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်မီ သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးတိုက်တွန်းနှိုးဆော်ခြင်းများ၊ ကူညီရွှေ့ပြောင်းပေးခြင်းများကို အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရေဘေးကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း နစကမှ ထုတ်ပြန်သည်။

လက်ရှိဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများအရ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူ များအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

Most Read

Most Recent