ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မဟာမိတ်ရုရှားသို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပထမဆုံးအကြိမ်သွားရောက်

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မဟာမိတ်ရုရှားသို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပထမဆုံးအကြိမ်သွားရောက်
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က နယူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ(ယာ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)တို့ တွေ့ဆုံစဉ်(Photo:AP)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က နယူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ(ယာ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)တို့ တွေ့ဆုံစဉ်(Photo:AP)
Published 8 July 2024

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားသို့ ပထမဆုံးသွားရောက်သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ နှစ်ရက်ကြာ ခရီးစဉ်သည် ဇူလိုင် ၈ ရက်တွင် စတင်ခဲ့သည်။

ယင်းစစ်ပွဲကြောင့် ကာလရှည် မဟာမိတ်များဖြစ်သည့် ရုရှားနှင့် အိန္ဒိယတို့အကြား ဆက်ဆံရေး ရှုပ်ထွေးလာပြီး ရုရှားသည် အိန္ဒိယ၏ပြိုင်ဘက်ဖြစ်သော တရုတ်နှင့်ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့သည်။

ထိုခရီးစဉ်အတွင်း မိုဒီသည် ရုရှားအရှေ့ဖျားရှိ ဗလာဒီဗော့စတော့ ဆိပ်ကမ်းမြို့၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည် ဖြစ်သည်။ ၎င်းတို့နှစ်ဦး ရုရှားတွင် နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်တွင် ပြုလုပ် သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး ပြင်ပ၌လည်း တွေ့ဆုံခဲ့သည်။

ရုရှားသည် စစ်အေးခေတ်နောက်ပိုင်း  အိန္ဒိယနှင့် ဆက်ဆံရေးအခိုင်အမာ တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးနောက် အိန္ဒိယသည် ရုရှား၏ အရေးပါသော ကုန် သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

 အိန္ဒိယသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအား ဝေဖန်ခြင်းမပြုဘဲ ယင်းပဋိပက္ခကို သံတမန်နည်းလမ်းများဖြင့်လည်းကောင်း၊ အပြန်အလှန် ဆွေးနွေးခြင်းဖြင့်လည်းကောင်း ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းတွင် အိန္ဒိယသည် စျေးနှုန်းသက်သာစွာဖြင့် ရရှိနေသော ရုရှားထုတ် ရေ နံများကိုလည်း စံချိန်တင်ပမာဏအထိ တိုးမြှင့်ဝယ်ယူခဲ့သည်။ လက်ရှိတွင် အိန္ဒိယ၏ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်သည် ရုရှားထံမှဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ်များက အနောက်နိုင်ငံများ၏ စျေးကွက်အများစုတွင် ရုရှားပို့ကုန်များကို ပိတ်ပင်ခဲ့ပြီးနောက် တရုတ်နှင့် အိန္ဒိယက ရုရှားရေနံများကို အဓိကဝယ်ယူသည့် ဝယ်လက်များဖြစ်လာခဲ့သည်။

မိုဒီသည် အရေးပါသော ကုန်သွယ်ဖက်ဖြစ်သကဲ့သို့ အိန္ဒိယအား စစ်လက်နက်ပစ္စည်း အဓိကရောင်းချပေးသော နိုင်ငံလည်းဖြစ်သည့် ရုရှားနှင့် နီးနီးကပ်ကပ် ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ်အတွင်း မိုဒီသည်  အိန္ဒိယနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်ရေးမညီမျှမှု၊ ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးရန် စုဆောင်းသိမ်းသွင်းခံရသော အိန္ဒိယနိုင်ငံသားများ ပြန်လည်ထွက်ခွာနိုင်ရေးတို့နှင့် စပ်လျဉ်း၍အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။

မိုဒီ၏ခရီးစဉ်သည် ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ၀ါရှင်တန်မြို့တွင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အဓိကဆွေးနွေးမည့် နေတိုး ထိပ်သီးအစည်းအဝေး ပြုလုပ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-ရုရှား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အဓိကအားဖြင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းနေခြင်းကြောင့် သိသိသာသာ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၆၅ ဘီလျံနီးပါးရှိခဲ့သည်။ သို့သော် အိန္ဒိယ၏ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာလေးဘီလျံသာရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က ပြောကြားသည်။ ဆိုဗီယက်ယူနီယံ တည်ရှိစဉ်ကာလက အိန္ဒိယနှင့် ရုရှားသည် အစဉ်အလာအရ ရင်းနှီးသောဆက်ဆံရေး ရှိခဲ့သည်။         

Ref:AP

 

Most Read

Most Recent