အီရန်က ရုရှားထံ ပဲ့ထိန်းဒုံးကျည်များ ပေးပို့ခဲ့သည်ဆိုပါက အကျိုးဆက်များရှိလာလိမ့်မည်ဟု အမေရိကန်သတိပေး

အီရန်က ရုရှားထံ ပဲ့ထိန်းဒုံးကျည်များ ပေးပို့ခဲ့သည်ဆိုပါက အကျိုးဆက်များရှိလာလိမ့်မည်ဟု အမေရိကန်သတိပေး
အီရန်၏ပါရှန်းပင်လယ်ကွေ့တစ်နေရာ၌ ဒုံးပစ်ယာဉ်များပေါ်တင်ဆောင်ထားသောဒုံးကျည်များ ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အီရန်ကထုတ်ပြန်ပေးသောပုံတွင်တွေ့ရစဉ်(Photo: AFP)
အီရန်၏ပါရှန်းပင်လယ်ကွေ့တစ်နေရာ၌ ဒုံးပစ်ယာဉ်များပေါ်တင်ဆောင်ထားသောဒုံးကျည်များ ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အီရန်ကထုတ်ပြန်ပေးသောပုံတွင်တွေ့ရစဉ်(Photo: AFP)
Published 10 September 2024

အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်များပေးပို့သောလုပ်ရပ်သည် သိသာထင်ရှားသော အကျိုးဆက်များနှင့်တွေ့ရလိမ့်မည်ဟု အမေရိကန်က သတိပေးခဲ့သည်။

အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်များပေးပို့ထားသည်ဆိုသော ယုံကြည်ရသည့် ထောက်လှမ်းရေးသမားများကို မိမိတို့၏ မဟာမိတ်များက မျှဝေပေးထားသည်ဟု စက်တင်ဘာ ၉ ရက်တွင် ဥရောပသမဂ္ဂကပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ပြောဆိုမှုကို အီရန်ကငြင်းဆန်ထားသည်ဆိုသော်လည်း ရုရှားကမူ ယင်းကိစ္စကို ပြတ်ပြတ်သားသား ငြင်းပယ်ထားခြင်းမရှိပေ။ ပဲ့ထိန်းဒုံးကျည်များပေးပို့ခဲ့သည်မှာ မှန်ကန်မည်ဆိုပါက ယူကရိန်းကို ရုရှားကျူးကျော်ခြင်းအတွက် အီရန်၏ထောက်ပံ့မှုများနှင့်ပတ်သက်၍ ပဋိပက္ခကြီး တစ်ခုနှင့်ညီမျှလိမ့်မည်ဟု အီးယူနှင့် အမေရိကန်တာဝန်ရှိသူတို့က ပြောကြားခဲ့ကြသည်။

အီရန်သည် ယူကရိန်းတွင် အသုံးပြုရန်အတွက် ရုရှားထံလက်နက်များ လွှဲပြောင်းပေးခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်ထားကြောင်းလွန်ခဲ့သော သီတင်းပတ်တွင် အမေရိကန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ ယင်းသို့ ဖော်ပြခဲ့ရာတွင်အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကားခဲ့သည်ဟု အမေရိကန်သတင်းစာက ဖော်ပြခဲ့သည်။

“အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ပို့ပေးတာနဲ့ပတ်သက်လို့ မဟာမိတ်တွေကပေးတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်”ဟု အီးယူပြောရေးဆိုခွင့်ရှိသူ ပီတာစတာနိုက ပြော ကြားခဲ့သည်။

“ကျွန်တော်တို့ အဲဒီကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ထပ်မံစုံစမ်းနေပါတယ်။ အတည်ပြုလို့ရမယ်ဆိုရင်တော့ အဲဒီပေးပို့မှုဟာ ယူကရိန်းကို ရုရှားရဲ့တရားမဝင်ကျူးကျော်မှုအတွက် အီရန်ထောက်ပံ့ရာမှာ ပဋိပက္ခကို သိသိသာသာမြင့်တက်လာစေတာဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“အီးယူခေါင်းဆောင်တွေရဲ့တညီတညွတ်တည်း သဘောထားရပ်တည်ချက်ဟာ  အမြဲတမ်း ရှင်းရှင်းလင်းလင်းရှိပါတယ်။ ဥရောပသမဂ္ဂဟာ အီရန်ကို ပိတ်ဆို့မှုအသစ်တွေနဲ့ ထင်သာမြင်သာရှိတဲ့ ပိတ်ဆို့မှုတွေအပါအဝင် နိုင်ငံတကာမဟာမိတ်တွေနဲ့အတူ လျင်မြန်စွာတုံ့ပြန်ပါလိမ့်မယ်”ဟု စတာနိုက ဖြည့်စွက်ပြောကြားခဲ့သည်။

“စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကို လက်နက်တွေတင်ပို့ရာမှာ အီရန်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပြောဆိုနေတာတွေကို ကျွန်တော်တို့ ခိုင်ခိုင်မာမာပယ်ချပါတယ်”ဟု အီ ရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကနာနီက အပတ်စဉ်ပြုလုပ် သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရုရှားထံ ဒုံးကျည်များပေးပို့နေသည့် ကိစ္စနှင့်ပတ်သက်၍အီရန်ကို အနောက်အုပ်စု ကသတိပေးနေသည်မှာလပေါင်းများစွာကြာနေပြီဖြစ်သည်။ ယူကရိန်းစစ်ပွဲအတွက် ရုရှားထံ ဒရုန်းများပေးပို့သည့်အတွက် အီရန်ကို အီးယူက ပိတ်ဆို့မှုများ ထပ်တလဲလဲချမှတ်ခဲ့သည်။

အီရန်က ဒုံးကျည်များပေးပို့ခဲ့သောဆိုသော ဝေါစထရိဂျာနယ်သတင်းနှင့်ပတ်သက်၍ မေးမြန်းသည်ကို စက်တင်ဘာ ၉ ရက်တွင် ရုရှားအစိုးရက ငြင်းချက်ထုတ်ပြန် ခဲ့ခြင်းမရှိပေ။

“အဲဒီသတင်းကို ကျွန်တော်တို့ ဖတ်ခဲ့ပြီးပါပြီး။ ဒီလိုမျိုးသတင်း မှန်ကန်တယ်ဆိုတာ အမြဲတမ်း မဟုတ်ပါဘူး”ဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောကြားခဲ့သည်။

“အီရန်ဟာ ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ မိတ်ဖက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကို ထူထောင်ထားပါတယ်။ အရေးကြီးတဲ့ နယ်ပယ်တွေအပါအဝင်ဖြစ်နိုင်တဲ့ နယ်ပယ်အားလုံးမှာ ကျွန်တော်တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှုနဲ့စေ့စပ်ညှိနှိုင်းမှုအားလုံးကို ထူထောင်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။                           Ref: AFP

Most Read

Most Recent