လတ်ဗီးယားပိုင်နက်ထဲ၌ ပျက်ကျခဲ့သော ရုရှားဒရုန်းသည် အီရန်ထုတ် ရှာဟက်ဒရုန်းဖြစ်ပြီး  ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းဖြစ်သည်ဟု လတ်ဗီးယားစစ်တပ် ပြောကြား

လတ်ဗီးယားပိုင်နက်ထဲ၌ ပျက်ကျခဲ့သော ရုရှားဒရုန်းသည် အီရန်ထုတ် ရှာဟက်ဒရုန်းဖြစ်ပြီး  ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းဖြစ်သည်ဟု လတ်ဗီးယားစစ်တပ် ပြောကြား
အီရန်လုပ် ရှာဟက်ဒရုန်းတစ်စင်း ကောင်းကင်၌ ပျံသန်းနေပုံကို တွေ့ရစဉ်(Photo: AFP)
အီရန်လုပ် ရှာဟက်ဒရုန်းတစ်စင်း ကောင်းကင်၌ ပျံသန်းနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 10 September 2024

ဘောလ်တစ်နိုင်ငံတစ်နိုင်ငံဖြစ်သော လတ်ဗီးယားနိုင်ငံ၏နယ်မြေထဲတွင် ပျက်ကျခဲ့သော ရုရှားဒရုန်းသည် အီရန်ပုံစံထုတ်ထားသော ရှာဟက်ဒရုန်းဖြစ်ပြီး အဆိုပါဒရုန်းတွင် ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထား သည်ဟု စက်တင်ဘာ ၉ ရက်တွင် လတ်ဗီးယားစစ်တပ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၇ ရက်တွင် လတ်ဗီးယားနိုင်ငံ အရှေ့ပိုင်း၌ ပျက်ကျခဲ့သော ဒရုန်းကို စုံစမ်းစစ်ဆေးသူများက စစ်ဆေးနေသည်ဟု စောစောပိုင်းတွင် လတ်ဗီးယားအစိုးရက ပြောကြားခဲ့သည်။

တစ်ချိန်က ဆိုဗီယက်အုပ်ချုပ်ခဲ့သော ဘောလ်တစ်နိုင်ငံဖြစ်ပြီး ယခုအခါ ဥရောပ သမဂ္ဂနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော လတ်ဗီးယားသည် လွတ်လပ်ရေးရပြီးနောက် ပိုင်းရုရှားနှင့်ဆက်ဆံရေးများတင်းမာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ရုရှားက ယူကရိန်းကို ကျူး ကျော်ကတည်းက လတ်ဗီးယားနှင့်ရုရှားတို့၏ဆက်ဆံရေးများသည် ထပ်မံယိုယွင်းလာခဲ့သည်။

“ဖောက်ကွဲစေနိုင်တဲ့ ထိပ်ဖူးဟာမြေကြီးထဲကို မီတာဝက် နစ်ဝင်သွားခဲ့ပါတယ်။ အဲဒီထိပ်ဖူးကို ဖောက်ခွဲတာမျိုး ရှောင်ပြီး နေရာမှာတင် ပျောက်ကွဲမှုအာနိသင်လျော့သွား အောင်လုပ်ဆောင်ခဲ့ပါတယ်”ဟု လတ်ဗီး ယားစစ်တပ်၏အကြီးအကဲ ဗိုလ်ချုပ်လီယို နစ်ကာလ်နင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့  အာနိသင်လျော့အောင် လုပ်ဆောင်လိုက်ခြင်းကြောင့် မိမိတို့၏စစ်ထောက်လှမ်းသမားများသည် ထပ်မံစစ်ဆေးမှုများလုပ်ဆောင်ရေးအတွက် ဒရုန်းအပျက် အစီးများနှင့်အကြွင်းအကျန်များကို ကောက် ယူနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ဒရုန်းနှင့်သက်ဆိုင်သော အသေးစိတ်များကို မိမိ တို့၏နေတိုးမဟာမိတ်နိုင်ငံများထံ မျှဝေပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် ဒရုန်းအလုပ်မလုပ်နိုင်အောင် မည်သို့လုပ်ဆောင်ခဲ့သည်၊ မည်သည့်အချိန်တွင် လုပ်ဆောင်ခဲ့သည်စသော အသေးစိတ်များကို ဗိုလ်ချုပ်က ပြောကြားခဲ့ခြင်းမရှိပေ။

အဆိုပါ ဒရုန်းသည် မိမိတို့နိုင်ငံထဲက စစ်ရေးပစ်မှတ်ကို ချိန်ရွယ်သော ဒရုန်းမဟုတ်ဘဲ လတ်ဗီးယားကို အလိုလိုရောက်လာသည့် ဒရုန်းဖြစ်ကြောင်း လတ်ဗီးယားလေတပ်အကြီးအကဲ ဗိုလ်မှူးဗီးစတားစ်မာဆူလစ်က ပြောကြားခဲ့သည်။

“ဘီလာရုစ်လေပိုင်နက်ထဲမှာရှိနေကတည်းက အဲဒီဒရုန်းကို ကျွန်တော်တို့ရဲ့ လေကြောင်းကာကွယ်ရေးက မြင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ တုံ့ပြန်ချိန်ရခဲ့တာဖြစ်ပါတယ်”ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်တပ်သည် နောက်ထပ်ရွေ့လျား လေကြောင်းဖျက် တပ်ဖွဲ့ဝင်များကို လတ်ဗီးယားနယ်စပ်ဒေသများသို့ စေလွှတ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး အန်ဒရစ်စပရက်က ပြောကြားခဲ့သည်။

“ရုရှားစစ်ဘက်သုံး ဒရုန်းဟာ စက်တင်ဘာ ၇ ရက်က လတ်ဗီးယားအရှေ့ပိုင်းဒေသမှာ ပျက်ကျခဲ့ပါတယ်။ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်”ဟု လတ်ဗီးယား သမ္မတ အက်ဂါရန်ကီဗစ်က ဆိုရှယ်မီဒီယာ X တွင် ပြောကြားခဲ့သည်။ အဆိုပါဒရုန်းသည် ဘီလာရုစ်မှလတ်ဗီးယားလေပိုင်နက်ကို ပျံလာခြင်းဖြစ်ပြီး ရီဇက်ကနီ စည်ပင်သာယာဒေသတွင် ပျက်ကျသွားခဲ့သည်ဟုဆိုသည်။                                             

Ref: AFP

Most Read

Most Recent