ထိုင်ဝမ်တွင် ရှစ်နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်

ထိုင်ဝမ်တွင် ရှစ်နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်
ဇူလိုင် ၂၅ ရက်က ကောင်းရှောင်မြို့တွင် တိုင်ဖွန်းဂယ်မီ တိုက်ခတ်မှုကြောင့် လမ်းပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားနေစဉ်(Photo: AFP)
ဇူလိုင် ၂၅ ရက်က ကောင်းရှောင်မြို့တွင် တိုင်ဖွန်းဂယ်မီ တိုက်ခတ်မှုကြောင့် လမ်းပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားနေစဉ်(Photo: AFP)
Published 25 July 2024

ထိုင်ဝမ်တွင် တိုင်ဖွန်းဂယ်မီတိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကုန်တင်သင်္ဘောတစ်စင်းနစ်မြုပ်ကာ သင်္ဘောသားကိုးဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

တိုင်ဖွန်းဂယ်မီသည် ထိုင်ဝမ်တွင် ရှစ်နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန် တိုင်းဖြစ်ကာအာဏာပိုင်များက စာသင်ကျောင်းများနှင့်ရုံးများကို ပိတ်ခဲ့ရကာ စ တော့ရှယ်ယာစျေးကွက်ကိုဆိုင်းငံ့ပြီး ထောင်နှင့်ချီသည့်လူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်။

တိုင်ဖွန်းဂယ်မီသည် ဖိလစ်ပိုင်တွင်တိုက် ခတ်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ တရုတ်သို့ ဦးတည်သွားခဲ့သည်။

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းသည် အားပျော့သွားခဲ့ပြီး မုန်တိုင်း၏ ဗဟိုချက်သည် ပင်လယ်အတွင်းသို့ ရွှေ့သွားခဲ့ကြောင်း ထိုင်ဝမ်မိုးလေဝသအာဏာပိုင်များက ပြောကြားခဲ့သည်။

ဇူလိုင် ၂၅ ရက်အစောပိုင်းတွင် ထိုင်ဝမ်တောင်ဘက်ကမ်းလွန်၌ ကုန်တင်သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ပြီး ထိုသင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ကိုးဦးသည်သင်္ဘောကို စွန့်ခွာပြီး အသက်ကယ်အကျႌများဝတ်ကာရေထဲ သို့ ခုန်ချခဲ့သည့် သတင်းများကိုရရှိခဲ့သည်ဟု ထိုင်ဝမ်မီးသတ်ဌာနက ပြောကြားခဲ့သည်။

“သူတို့ဟာ ပင်လယ်ထဲခုန်ချခဲ့ပြီး ရေထဲမှာ ပေါလောပေါ်နေပါတယ်”ဟု မီးသတ်ဌာနအကြီးအကဲ ရှောင်းဟွမ်ချိန်ကပြောကြားခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် ထိသင်္ဘောသားများကို ကယ်ဆယ်ရန်အ တွက် အနီးနားရှိကုန်တင်သင်္ဘောတစ်စီးကို ဆက်သွယ်ပြီးအကူအညီထောင်းခံထားသည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

တန်ဇန်းနီးယားအလံတင်ထားသည့် ထိုသင်္ဘောသည်မည်သည့်အချိန်တွင် နစ်မြုပ်ခဲ့သည်ဆိုခြင်းကိုမူ မသိရသော်လည်း ထိုင်ဝမ်ကယ်ဆယ်ရေးသင်္ဘောသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ထိုနေရာသို့ ရောက်ရှိခဲ့ကြောင်း ရှောင်းက ပြောကြားခဲ့သည်။

တိုင်ဖွန်းဂယ်မီသည် ဇူလိုင် ၂၄ ရက်ည အချိန်တွင် ထိုင်ဝမ်ကုန်းတွင်းပိုင်းသို့ တစ်နာရီလျှင် လေတိုက်နှုန်း ၁၉၀ ကီလိုမီတာ(၁၁၈ မိုင်)ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် ကောင်ရှောင်းမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သစ်ပင်ပိကာသေဆုံးခဲ့ပြီး ဟွာလျန်မြို့တွင် အမျိုးသမီးတစ်ဦး အဆောက်အအုံ၏ အစိတ်အပိုင်းအချို့ပိမိကာ သေဆုံးခဲ့သည်။

ထို့ပြင် ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း၂၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တိုင်ပေမြို့တော်အပါအဝင် မြို့အချို့တွင် ဇူလိုင် ၂၅ ရက်၌ စာသင်ကျောင်းများ၊ အစိုးရရုံးများနှင့် စတော့ရှယ်ယာစျေးကွက်ကို ဒုတိယမြောက်နေ့အဖြစ် ဆက်ပိတ်ထားခဲ့ပြီးရာနှင့်ချီသည့် ပြည်တွင်း၊ ပြည်ပလေကြောင်း လိုင်းများကိုလည်း ဖျက်သိမ်းခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လမ်းများပေါ်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

ထို့ပြင် တိုင်ဖွန်းဂယ်မီကြောင့် ထိုင်ဝမ်သည် နှစ်စဉ်ပြုလုပ်နေကျစစ်ရေးလေ့ကျင့်မှုများထဲမှ လေ့ကျင့်ခန်းအချို့ကို ဖျက်သိမ်းခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။                           

Ref: AFP

Most Read

Most Recent