ယူကရိန်း၏ ဒရုန်း ၃၆ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ယူကရိန်း၏ ဒရုန်း ၃၆ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ဇွန် ၂၉ ရက်က ယူကရိန်း၏ ဇာပိုရီရှားဒေသရှိ ဗီလ်နီယန့်စ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်
ဇွန် ၂၉ ရက်က ယူကရိန်း၏ ဇာပိုရီရှားဒေသရှိ ဗီလ်နီယန့်စ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်
Published 30 June 2024

ရုရှားတပ်ဖွဲ့များသည် နယ်စပ်ဒေသအနီးရှိ နေရာဒေသများတွင် ယူကရိန်း၏ ဒရုန်း ၃၆ စင်းကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

လေကြောင်းကာကွယ်ရေးစနစ်များသည် ကာ့စ်ဒေသပေါ်တွင် ဒရုန်း ၁၅ စင်း၊ လစ်ပက်စ်ဒေသပေါ်တွင် ဒရုန်း ကိုးစင်း၊ ဗိုရိုနက်ဇ်ဒေသနှင့် ဘာယန့်စ်ဒေသပေါ်တွင် ဒရုန်းလေးစင်းစီ၊ အော်ယိုလ်နှင့် ဘယ်ဂိုရော့ ဒေသများပေါ်တွင် ဒရုန်းနှစ်စင်းစီ ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် ရေးသားခဲ့သည်။

လေကြောင်းကာကွယ်ရေးစနစ်များသည် ယူကရိန်းဒရုန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း ဗိုရိုနက်ဇ်ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဂူဆက်ဗ်က Telegram တွင် ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲကာလတစ်လျှောက် နှစ်ဖက်စလုံးသည် ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။

ယူကရိန်းသည် ယခုနှစ်အတွင်း ရုရှား၏ နယ်နိမိတ်အတွင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့ကာ ရုရှားစစ်တပ်အတွက် ထောက်ပံ့ပေးနေသည့် နယ်စပ်ဒေသရှိ စွမ်းအင်စက်ရုံများနှင့် မြို့များ၊ ကျေးရွာများကို တိုက်ခိုက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြီးခဲ့သည့်လက ယူကရိန်း၏ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသတွင် မြေပြင်ထိုးစစ်စတင်ခဲ့သည်။

ရုရှား၏ နယ်စပ်ရှိ ဘယ်လ်ဂိုရော့ဒေသကို ယူကရိန်းက လက်နက်ကြီးများနှင့် တိုက်ခိုက်နေမှုကို ကာကွယ်ရန် နှင့် ကြားခံဇုန်တစ်ခုဖန်တီးရန် အဆိုပါထိုးစစ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။

ယူကရိန်းနိုင်ငံတောင်ပိုင်း ဗီလ်နီယန့်စ်မြို့တွင်လည်း ရုရှား၏ တိုက်ခိုက်မှုတစ်ခုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုရှားနယ်စပ်ရှိ ကျေးရွာတစ်ရွာတွင် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် လူငါးဦးသေဆုံးခဲ့သည်ဟု ရုရှားက ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ရုရှား၏ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒွန်းနက်ဒေသရှိ ရှေ့တန်းစစ်မြေပြင် ကျေးရွာများတွင်လည်း လူလေးဦးသေဆုံးခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

ဇာပိုရီရှားဒေသအနီးရှိ ဗီလ်နီယန့်စ်မြို့တွင် သေဆုံးသူအရေအတွက်သည် မြင့်တက်လာဖွယ်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ဇာပိုရီရှားဒေသမှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် လူခုနစ်ဦးသေဆုံးခဲ့ပါတယ်” ဟု  ဇယ်လန်စကီးက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထို့ပြင် လက်နက်ထောက်ပံ့မှုများကို အရှိန်မြှင့်တင်ပေးရန် ဇယ်လန်စကီးက အနောက်မဟာမိတ်အုပ်စုများကို တိုက်တွန်းခဲ့ပြီး စစ်ပွဲအတွင်း ဆုံးဖြတ်ချက်များချမှတ်ရန် နှောင့်နှေးကြန့်ကြာမှုများသည် လူ့အသက်များကို ဆုံးရှုံးစေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗီလ်နီယန့်စ်မြို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကလေးလေးဦး အပါအဝင် လူ ၁၈ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဂေါ်ကလီမန်ကိုက ပြောကြားခဲ့သည်။

ဗီလ်နီယန့်စ်မြို့သည် ဇာပိရီရှားဒေသတွင် ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် မြို့ဖြစ်သည်။                 Ref:AFP