အင်္ဂလန်အသင်းအတွက် ကစားရသည်မှာ ဖိအားများလွန်းပြီး ဝေဖန်နေသူများကို တစ်ခုခုပြန်လုပ်ပြနိုင်ခြင်းက အလွန်ကျေနပ်စရာကောင်းသည်ဟု ဘယ်လင်ဟမ်ဆို

အင်္ဂလန်အသင်းအတွက် ကစားရသည်မှာ ဖိအားများလွန်းပြီး ဝေဖန်နေသူများကို တစ်ခုခုပြန်လုပ်ပြနိုင်ခြင်းက အလွန်ကျေနပ်စရာကောင်းသည်ဟု ဘယ်လင်ဟမ်ဆို
Photo: UEFA
Photo: UEFA
Published 2 July 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ ကွင်းလယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဘယ်လင်ဟမ်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားရသည်မှာ ဖိအားများလွန်းပြီး ဝေဖန်နေသူများကို တစ်ခုခုပြန်လုပ်ပြနိုင်ခြင်းက အလွန်ကျေနပ်စရာကောင်းသည်ဟု ပြောကြားခဲ့သည်။

ဘယ်လင်ဟမ်သည် အင်္ဂလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို အနိုင်ရရှိခဲ့သည့် ယူရို-၂၀၂၄ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်တွင် နောက်ဆုံးမိနစ် ချေပဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ယင်းချေပဂိုးကြောင့် အင်္ဂလန်အသင်းသည် အချိန်ပိုဆက်ကစားခဲ့ရကာ ဟာရီကိန်း၏သွင်းဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ယခုအချိန်တွင် အုပ်စုပွဲစဉ် (၃) ပွဲအပါအဝင် စုစုပေါင်း (၄) ပွဲကစားထားပြီးချိန် ခြေစွမ်းကောင်းကို မပြသနိုင်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို ဘယ်လင်ဟမ်ကိုယ်တိုင်မှာလည်း ရီးယဲလ်မက်ဒရစ်အသင်းတွင် ပြသခဲ့သည့် ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်၌ ဘယ်လင်ဟမ်က အသင်းအတွက် အရေးပါသည့် ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဘယ်လင်ဟမ်က ''အင်္ဂလန်အသင်းအတွက် ကစားရတာက အရမ်းစိတ်ကျေနပ်စရာ ကောင်းသလို ဖိအားလည်း အရမ်းများပါတယ်။ လူတွေက သူတို့ ထင်ရာတွေလျှောက်ပြောနေကြတာ ခင်ဗျားတို့လည်း ကြားနေရတာပဲ။ ဆိုတော့ အဲဒီလို ဝေဖန်နေတဲ့သူတွေကို တစ်ခုခု ပြန်လုပ်ပြနို်င်ခဲ့တာကလည်း အရမ်းကျေနပ်စရာကောင်းပါတယ်။ တကယ်တော့ ဘောလုံးသမားတစ်ယောက်ဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်ပြောချင်တာကို ပြောလိုက်ဖို့ ဖြစ်ဖြစ်၊ အင်တာဗျူးတစ်ခုခုမှာ ပွင့် ပွင့်လင်းလင်း ပြောလိုက်ဖို့ ဖြစ်ဖြစ် လုပ်လိုက်ဖို့ဆိုတာ အရမ်းခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက အမြဲတမ်း ကိုယ်ပိုင်အမြင်တွေနဲ့ လိုက်ဆုံးဖြတ်နေလို့ပါ။ ကျွန်တော့်အတွက်တော့ ဘောလုံး၊ ကွင်းထဲကဖြစ်တည်မှု၊ ဂိုးတွေသွင်းယူခြင်းနဲ့ အောင်ပွဲခံခြင်းတွေက ပျော်စရာကောင်းပါတယ်။ ပြီးတော့ တခြားလူအနည်းငယ်ကို ပေးချင်တဲ့ မက်ဆေ့ချ်လည်း ပါပါတယ်။ အဲဒီလို လုပ်နိုင်ပြီဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ငါ့လို ဘယ်သူများ လုပ်နိုင်သလဲဆိုတဲ့ပုံစံနဲ့ အောင်ပွဲခံခွင့်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ နိုင်ငံအသင်းအတွက် ကစားရတဲ့ပွဲ၊ ရှုံးရင်ထွက်ရမယ့် ပွဲတစ်ပွဲမှာ အိမ်ပြန်ရဖို့ စက္ကန့် (၃၀) လောက်ပဲလိုတော့တယ်ဆိုတဲ့ ခံစားချက်က အရမ်း ဆိုးရွားပြီး အဲဒီအချိန်မှာ ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ခံစားချက်က မယုံနိုင်စရာပါ။ အားလုံးရဲ့ဝေဖန်မှုတွေကို  ရင်ဆိုင်ရတော့မယ့်အချိန်မှာ ကန်ချက်တစ်ခုက အရာရာကို ပြောင်းလဲနိုင်ခဲ့တာကလည်း အရမ်းကျေနပ်စရာ ကောင်းပါတယ်''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent