ဆလိုဗေးနီးယားနှင့်ပွဲ၌ အချိန်ပိုတွင် ပယ်နယ်တီလွဲချော်ပြီးနောက် ကွင်းအတွင်း ငိုကြွေးခဲ့သည့် စီရော်နယ်လ်ဒိုအား ဟာမန်း ဝေဖန်

ဆလိုဗေးနီးယားနှင့်ပွဲ၌ အချိန်ပိုတွင် ပယ်နယ်တီလွဲချော်ပြီးနောက် ကွင်းအတွင်း ငိုကြွေးခဲ့သည့် စီရော်နယ်လ်ဒိုအား ဟာမန်း ဝေဖန်
Photo : Getty Images
Photo : Getty Images
Published 4 July 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဟာမန်းက ပေါ်တူဂီ-ဆလိုဗေးနီးယးပွဲ၌ အချိန်ပိုတွင် ပယ်နယ်တီလွဲချော်ပြီးနောက် ငိုကြွေးခဲ့သည့် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏အပြုအမူမှာ ရှက်စရာကောင်းပြီး တစ်ကိုယ်ကောင်းဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဇူလိုင် (၁)ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ် ပေါ်တူဂီ-ဆလိုဗေးနီးယားပွဲမှာ အချိန်ပို မိနစ် (၃၀) ပြည့်သည့်အထိ ဂိုးမရှိသရေဖြစ်နေခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပေါ်တူဂီအသင်းက (၃-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲစဉ်၏ အချိန်ပို (၁၀၅) မိနစ်၌ ပေါ်တူဂီအသင်း ပယ်နယ်တီရရှိခဲ့ပြီး စီရော်နယ်လ်ဒို ကန်သွင်းရာတွင် ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။ အသက် (၃၉) နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် ငိုကြွေးခဲ့ရာ ၎င်းထက် အသက်များစွာငယ်သည့် အသင်းဖော်များကပါ နှစ်သိမ့်ပေးခဲ့ရသည်။ စီရော်နယ်လ်ဒို၏အဆိုပါအပြုအမူအပေါ် ချီးကျူးမှုအချို့ရှိခဲ့သော်လည်း အိုင်းရစ်ရုပ်သံ RTE တွင် အဆိုပါပွဲကို ဝေဖန်သူအဖြစ် ဆောင်ရွက်ခဲ့သည့် ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဟာမန်းက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဟာမန်းက "အသက် (၃၉)နှစ်က မိနစ် (၁၂၀)အပြည့် ကစားခဲ့ပြီး ပယ်နယ်တီ လွဲခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ အသက်အရွယ်ရ အသင်းဖော်တွေရဲ့ အထောက်အပံ့ကို ပိုလိုအပ်တာကြောင့် အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ စီရော်နယ်လ်ဒိုက သူ့အစစ်အမှန်ကို ပြသလိုက်ပြန်ပါပြီ။ ပယ်နယ်တီလွဲပြီးတော့ ကွင်းထဲမှာ ငိုတယ်။ အချိန်ပိုပထမပိုင်းအပြီးမှာ ငိုကြွေးနေတယ်။ ဒါက သူ အဲဒီလိုငိုတာ သူ့အတွက်ပဲ သူ တွေးလို့ပါ။ ဘောလုံးကွင်းမှာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ အသင်းဖော်တွေ ရှိတယ်။ ပရိသတ်တွေ ရှိတယ်။ အားလုံးနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ သူ့ရဲ့အပြုအမူက ရှက်စရာကြီးပါ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဟာမန်းက ပေါ်တူဂီသည် ပြင်သစ်ကို ကျော်နိုင်မည်မဟုတ်ဟုလည်း ခန့်မှန်းခဲ့သည်။ ဟာမန်းက "စီရော်နယ်လ်ဒို ပြင်သစ်နဲ့ပွဲမှာ ပွဲထွက်လာပါလိမ့်မယ်။  ဒါပေမဲ့ သူတို့ ပြင်သစ်ကို မနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent