ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်မရရှိခြင်းအတွက် စိတ်ပျက်ဝမ်းနည်းမိကြောင်း နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်း ပြောကြား

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်မရရှိခြင်းအတွက် စိတ်ပျက်ဝမ်းနည်းမိကြောင်း နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 June 2024

 

နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မည့် နိုင်ငံအသင်းလူစာရင်းမှ ခြေချင်းဝတ်ဒဏ်ရာကြောင့် နုတ်ထွက်ပြီးနောက် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် မရရှိခြင်းအတွက် စိတ်ပျက်ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဒီယွန်းသည် ဧပြီလ ၂၁ ရက်က ရီးယဲလ်မက်ဒရစ်အသင်း အား ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ညာခြေချင်းဝတ်ဒဏ်ရာရပြီးနောက် ပွဲမကစားနိုင်တော့ခြင်းဖြစ်သည်။ 

"ယူရိုပြိုင်ပွဲမှာ  မပါဝင်နိုင်လို့ ကျွန်တော် ဝမ်းနည်းပြီး စိတ်ပျက်ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဒဏ်ရာ အချိန်မီပြန်ကောင်းဖို့ များစွာလုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ခြေချင်းဝတ်က ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာပျောက်ကင်းဖို့ အချိန်ပိုလိုအပ်ခဲ့ပါတယ်။ မေဂျာပြိုင်ပွဲတစ်ခုမှာ မိခင်နိုင်ငံကိုယ်စားပြု ကစားခွင့်ရတာဟာ အိပ်မက်တစ်ခုဖြစ်ပြီး အကြီးကျယ်ဆုံး ဂုဏ်ယူစရာလည်းဖြစ်တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ တစ်နိုင်ငံလုံးလိုပဲ ကျွန်တော်ဟာ အသင်းအတွက် ဘေးကနေပဲ အားပေးရပါလိမ့်မယ်"ဟု ဒီယွန်းက သူ၏လူမှုကွန်ရက်တွင် Post တင်ကာ ရှင်းလင်းချက်ပေးခဲ့သည်။ 

ဘာစီလိုနာအသင်းကို ကိုင်တွယ်ပြီး ထုတ်ပယ်ခံရဖူးသည့် နယ်သာလန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းက "သူတို့(ဘာစီိလိုနာ) ဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဒီအကျိုးဆက်ကို ခံစားခဲ့ရတာဖြစ်တယ်"ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

ဒီယွန်းသည် နယ်သာလန်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၅၄ ပွဲ ကစားထားပြီး နှစ်ဂိုး သွင်းယူထားကြောင်း သိရသည်။ 

Most Read

Most Recent