မြန်မာရွှေ့ပြောင်းလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း CI ပြုလုပ်ပေးသည့် ရုံးများကို ထိုင်းအစိုးရက ဇူလိုင် ၇ ရက်တွင် ပိတ်သိမ်းမည်

မြန်မာရွှေ့ပြောင်းလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း CI ပြုလုပ်ပေးသည့် ရုံးများကို ထိုင်းအစိုးရက ဇူလိုင် ၇ ရက်တွင် ပိတ်သိမ်းမည်
Published 2 July 2024

ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည်စုံသော မြန်မာရွှေ့ပြောင်းလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း CI ပြုလုပ်ပေးသည့်ရုံးများ ဇူလိုင် ၇ ရက်ပိတ်သိမ်းမည်ဟု ထိုင်းအစိုးရ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားဆဲ CI စခန်းများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ စူရက်ဌာနီနှင့် ဖုခတ်၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မဟာချိုင်နှင့် စမူပရာကန်၊ ထိုင်းအရှေ့ပိုင်းမှာ ချွန်ဘူရီစသည့် စခန်း ခြောက်ခုကို ဇူလိုင် ၆ ရက်ထိသာ ဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင် ၇ ရက်တွင် ပိတ်သိမ်းရမည်ဟု ဆိုသည်။

ထိုင်းအစိုးရအေနဖြင့် ယခုကဲ့သို့ ရက်အကန်သတ်ဖြင့် ညွှန်ကြားချက်ထုတ်လိုက်ခြင်းမှာ အလုပ်ရှင်ရော အလုပ်သမားပါ အခက်ကြုံရနိုင်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

“ထိုင်းအစိုးရရဲ့ညွှန်ကြားချက်နဲ့ CI စခန်းဖွင့်လှစ်ထားဆဲ ခြောက်ခု ပိတ်သိမ်းလိုက်မှာ ဖြစ်ပါတယ်။ ဖွင့်လှစ်ထားဆဲ CI စခန်းဆိုတာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ စူရက်ဌာနီနဲ့ ဖုခတ်၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မဟာချိုင်နဲ့ စမူပရာကန်၊ ထိုင်းအရှေ့ပိုင်းမှာ ချွန်ဘူရီစတဲ့ စခန်း ခြောက်ခုကို ပိတ်သိမ်းရမှာဖြစ်ပါတယ်။ သူ့အရှေ့မှာ ပိတ်သိမ်းထားတာကတော့ ဆုန်ခလာနဲ့ နခေါစဝမ် ဖြစ်ပါတယ်။ ထိုင်းအစိုးရက ပန်းရောင်ကဒ်ရှိတဲ့ အလုပ်သမားတွေကို PJ Passpost of job ကို တိုက်ရိုက်လုပ်စေချင်ပါတယ်။ CI ခံလိုက်ရခြင်းအားဖြင့် အလုပ်သမားတွေဟာ CI အတွက်လည်း ကုန် CI နဲ့တင်ရပ်မနေဘဲနဲ့ PJ ဆက်လုပ်ရတာဖြစ်တဲ့အတွက် မိအေးနှစ်ခါနာဖြစ်ပြီးတော့ ထပ်မံကုန်ကျတဲ့အတွက် ကုန်ကျစရိတ်လျောချချင်တဲ့ သဘောလည်းပါပါတယ်။ နောက်တစ်ခုကတော့ PJ တိုက်ရိုက်လုပ်ဖို့ကလည်း အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မပြည့်စုံတဲ့ သူတွေက CI လုပ်ရမှာဖြစ်ပါတယ်။ အခုသတိပေးလိုက်ခြင်းအားဖြင့် အလောသုံးဆယ်ပြန်လုပ်ရမယ်ဆိုတော့ သိပ်တော့ အခြေအနေကောင်းလောက်တဲ့ အနေအထားမဟုတ်ပါဘူး။ အလုပ်ရှင်တွေရော အခက်ခဲတွေ့မယ်၊ အလုပ်သမားတွေလည်း အခက်အခဲတွေ့မယ်၊ အဲလိုသတိပေးလိုက်ပြီဆိုရင် CI စခန်းမှာ လူတွေပုံထပ်ပြီးတော့ သောက်သုံးရေမပြောနဲ့ အိမ်သာရေဆေးဖို့တောင် မလုံလောက်တာတွေ လူတွေထောင်ချီပြီးတော့ ညလုံးပေါက်အိပ်စောင့်ရတယ်။ CI စခန်းက တာဝန်ရှိသူတွေကလည်း ခါတိုင်းထက် နှစ်ဆသုံးဆပင်ပန်းပါတယ်။ ဘယ်သူမှ မသက်သာပါဘူး” ဟု ဦးမိုးကြိုးက ပြောကြားခဲ့သည်။

CI စခန်းများတွင် မြန်မာဘက်မှ ပါဝင်ဆောင်ရွက်နေသူတစ်ဦးက “CI နှင့် OWIC လုပ်ပြီးသူများသည် PJ လုပ်ဆောင်ရမည် ဆိုသည်မှာ မဟုတ်ကြောင်း  ၊ CI စခန်း တစ်ခုလျှင် လူဦးရေ ရှစ်ရာ မှ တစ်ထောင် အထိ တပြိုင်နက်တည်း လုပ်ဆောင်ပေးနိုင်သည့် Capacity ရှိပါကြောင်း ၊  ယခု ရက်ပိုင်းများတွင် စခန်း တစ်ခုလျှင် ဦးရေ အများဆုံး နှစ်ရာ ဝန်းကျင်ခဲ့သာ ရှိကြောင်း နှင့် ချင်းမိုင် ၊ ဆူရတ်ဌာနီ CI စခန်းများတွင် CI လာရောက် လုပ်ဆောင်သူ လူဦးရေ တစ်ရာဝန်းကျင်ပင် မရှိကြောင်း ပြောကြားသည်။

CI စခန်းများသည် ယာယီပိတ်သိမ်းခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ CI နှင့် OWIC များထုတ်ပေးမှုသည် ပြီးစီးအောင်မြင်သည့် အခြေအနေဖြစ်ကြောင်း၊ ယင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာအစိုးရဝန်ထမ်းများလည်း နေရပ်ပြန်မည်ဖြစ်ကြောင်း၊ ဇူလိုင် ၉ ရက်ပြုလုပ်မည့် ထိုင်းနိုင်ငံအစိုးရအဖွဲ့အစည်းတွင် Work Permit အသစ်ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ဟု သိရပြီး အဆိုပါအစည်းအဝေးတွင် အတည်ပြုမည့်စာရင်းအရ CI စခန်းများထပ်မံဖွင့်လှစ်ရေးကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း CI စခန်းများတွင် မြန်မာဘက်မှ ပါဝင်ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

 

“ထိုင်းအစိုးရအဖွဲ့အစည်းမှာတင်တဲ့အခါကြရင် မြန်မာတင်မဟုတ်ဘူး၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အကုန်လုံးကိုတင်တာ။ တင်ပြီးသွားတော့မှ သူတို့က ကိုယ်တို့နိုင်ငံကို အကြောင်းကြားမယ်။ ပြီးမှ နှစ်နိုင်ငံဆက်လက်ဆွေးနွေးပြီးတော့မှ စခန်းတွေဖွင့်ပြီးတော့ CI တို့ OWIC တို့ထုတ်ပေးရေးကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

CI စခန်းများပိတ်သိမ်းလိုက်ခြင်းကြောင့် ပန်းရောင်ဘတ်ကတ်ဖြင့် ထိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူပ်သားများသည် PJ ပြုလုပ်ကြရမယ်ဆိုသောအခါ နယ်စပ်မြို့သုံးမြို့ဖြစ်သည့် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များသို့ သွားရောက်လုပ်ကြရမည်ဖြစ်သည်။ ထိုင်းအစိုးရမှ ယခုကဲ့သို့  ရက်သတ်မှတ်ပြီးညွှန်ကြားလိုက်ခြင်းဖြင့် CI စခန်းများတွင် လူတိုးပြီး နေရေးစားရေး အခက်အခဲနှင့်  လမ်းဘေးတွင် အိပ်နေကြရမည့် မြန်မာလုပ်သားထောင်ပေါင်းများစွာကို စိတ်မသက်သာဖွယ်ရာတွေ့ကြုံရအုံးမည်ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောသည်။

Most Read

Most Recent