မြစ်ရေများ မြင့်တက်မည်ဖြစ်သဖြင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်အစရှိသည့် မြို့များရှိ မြေနိမ့်ပိုင်းနေရာတွင် နေထိုင်သူများ သတိထားကြရန် မိုးဇလထုတ်ပြန်

မြစ်ရေများ မြင့်တက်မည်ဖြစ်သဖြင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်အစရှိသည့် မြို့များရှိ မြေနိမ့်ပိုင်းနေရာတွင် နေထိုင်သူများ သတိထားကြရန် မိုးဇလထုတ်ပြန်
ဝိုင်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေစဉ်
ဝိုင်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေစဉ်
Published 1 July 2024

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ ထပ်မံမြင့်တက်မည်ဖြစ်သဖြင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်အစရှိသည့် မြို့များရှိ မြေနိမ့်ပိုင်းနေ ရာတွင် နေထိုင်သူများ သတိထားကြရန် မိုး လေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းတိုင်းထွာချက်အရ ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့်သို့ ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်ကြောင်း၊ ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အ တွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်ကြောင်း၊ ကသာမြို့တွင် စိုးရိမ်ရေမှတ်အောက် ငါးပေခွဲခန့်တွင် ရောက်ရှိနေပြီး လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေ မှတ်အထက်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တစ်ပေခွဲခန့်တွင် ရောက်ရှိနေပြီး လာမည့်ခြောက်နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်ကြောင်း၊ ဟုမ္မလင်းမြို့တွင် ယင်း မြို့၏စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်ကြောင်း၊ ဖောင်းပြင်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ခုနစ်ပေကျော်တွင်ရောက်ရှိနေပြီး လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

လာမည့်ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူမြို့များတွင် ခြောက်ပေမှ ၁၀  ပေခန့်၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်မြို့များတွင် ၁၀ ပေမှ ၁၂ ပေခန့်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များ တွင် လေးပေမှ ငါးပေခန့်လက်ရှိရေမှတ်များထက်မြင့်တက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

ချင်းတွင်းမြစ်ရေမှာလည်း ဇူလိုင် ပထမ ပတ် ၁၀ ရက်အတွင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့်မုံရွာမြို့များတွင် ရှစ်ပေမှ ၁၃ ပေခန့်လက်ရှိရေ မှတ်များထက်မြင့်တက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent