■ သံတွဲမြို့နှင့် သံတွဲလေဆိပ်ကြားတွင် တပ်မတော်အား AA ကဖြတ်တောက်ပိတ်ဆို့ထားမှုများရှိနေ 

■ သံတွဲမြို့နှင့် သံတွဲလေဆိပ်ကြားတွင် တပ်မတော်အား AA ကဖြတ်တောက်ပိတ်ဆို့ထားမှုများရှိနေ 
Published 2 July 2024

ရခိုင်ပြည်နယ် သံတွဲမြို့နှင့်   သံတွဲ လေဆိပ်ကြားတွင် တပ်မတော်စစ်ကြောင်းအား ရက္ခိုင့်တပ်တော်(AA) က ဖြတ်တောက်ပိတ်ဆို့ထားသည်ဟု တပ်မတော်နှင့် နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးသားထားမှုအရ သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလမှ စတင်၍ သံတွဲမြို့နယ်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလအတွင်း၌ တိုက်ပွဲများသည် သံတွဲမြို့အနီးသို့ ရောက်ရှိလာပြီး AA အဖွဲ့သည် သံတွဲမြို့နယ်ရှိ သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်းနေရာများကိုလည်း ဝင်ရောက်နေရာရယူခဲ့သည်။

ထို့နောက် AA အဖွဲ့သည် သံတွဲမြို့နယ် ငပလီကမ်းခြေဒေသရှိ တပ်မတော်၏ ခမရ (၅၆၆)နှင့် ခလရ(၅၅) အား ဆက်လက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည် ဇွန်လကုန်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ သံတွဲမြို့ပေါ်မှ ဒေသခံများသည်လည်း အနီးနားဒေသများသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။ 

သံတွဲမြို့နှင့် ငပလီကမ်းခြေအနီး တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူများ ရယူတိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံများ သေဆုံးမှုများလည်းရှိသည်။

ငပလီကမ်းခြေ ဟိုတယ်ဇုန်ပတ်ဝန်းကျင်နှင့် အနီးရှိကျေးရွာများရှိ ဒေသခံများသည်  တိုက်ပွဲများကြောင့် မေလဆန်းပိုင်းကတည်းက  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ယင်းနောက် AA အဖွဲ့သည် ငပလီကမ်းခြေရှိ ဟိုတယ်များတွင် နေရာရယူခဲ့ပြီး တပ်မတော်ကလည်း သံတွဲလေဆိပ်တွင် တပ်စွဲကာ AA အဖွဲ့၏ တိုက်ခိုက်မှုကို ခုခံခဲ့သည်။

ယင်းသို့ AA အဖွဲ့က  သံတွဲလေဆိပ်နှင့် ငပလီရှိ တပ်မတော်စစ်ကြောင်းကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၂၃ ရက်တွင် AA အဖွဲ့က သံတွဲလေဆိပ်ကို သိမ်းပိုက်ရရှိခဲ့သည်ဟုဆိုကာ Exile မီဒီယာများတွင် သတင်းများဖော်ပြခဲ့ပြီး၊ Exile မီဒီယာအချို့တွင် AA အဖွဲ့က သံတွဲလေဆိပ်အား သိမ်းပိုက် ရရှိသည်ဟုဆိုကာ Photoshop ဖြင့် ဖော်ပြထားသည် ဓာတ်ပုံအား ဖော်ပြခဲ့သဖြင့် နောက်ပိုင်းတွင် ဓာတ်ပုံအားပြန်လည်ဖယ်ရှားကာ  သတင်းအား အမှားပြင်ဆင်မှုပြုလုပ်ခဲ့ရသည်ကို တွေ့ရသည်။

ထို့ပြင် AA အဖွဲ့အနေဖြင့် ငပလီကမ်းခြေရှိ ဟိုတယ်ဇုန်များတွင် ဝင်ရောက်နေရာရယူထားသော်လည်း ၎င်းတို့အနေဖြင့် သံတွဲလေဆိပ်အား သိမ်းပိုက်ရရှိသည်ဟု သတင်းတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသည့်ပေ။

သို့ရာတွင် AA အဖွဲ့အနေဖြင့် ငပလီကမ်းခြေရှိ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံသည်ဟု သတင်းများထွက်ပေါ်လာပြီး အဆိုပါငွေကြေးတောင်းခံမှုသည် ၎င်းတို့အဖွဲ့က လုပ်ဆောင်ဆောင်ခြင်းမဟုတ်ကြောင်း ရှင်းလင်းသည့် ထုတ်ပြန်ချက်ကို ဇူလိုင် ၂ ရက် ညနေပိုင်းတွင် ထုတ်ပြန်လာသည်။ 

AA အဖွဲ့၏ ဇူလိုင် ၂ ရက် ညနေပိုင်းထုတ်ပြန်ချက်တွင် သံတွဲမြို့ရှိ တပ်မတော်စခန်းများအပါအဝင် သိမ်းပိုက်ရန်ကျန်ရှိသော အခြားမြို့များကို စခန်းများကို တိုက်ခိုက်လျက်ရှိသဖြင် ့တိုက်ပွဲများပြင်းထန်နေကြောင်း၊ ထိုသို့တိုက်ပွဲများပြင်းထန်နေချိန်တွင် AA အဖွဲ့၏ အမည်ကို အသုံးပြု၍  ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်းများထံမှ ငွေလိမ်လည်တောင်းခံနေပြီး ၎င်းတို့အနေဖြင့် ငွေကြေးတောင်းခံခြင်းမရှိကြောင်း ဖော်ပြထားသည်။ 

ဒေသအခြေအနေကို သိရှိသူတစ်ဦး၏ ပြောကြားချက်နှင့် တပ်မတော်နှင့်နီးစပ်သည့် Telegram ချန်နယ်အချို့တွင် ရေးသားချက်အရ သံတွဲလေဆိပ်နှင့် သံတွဲမြို့အကြားတွင်  AA အဖွဲ့က Hilton ဟိုတယ်အပါအဝင် ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်များအတွင်းနေရာရယူကာ စနိုက်ဘာများဖြင့် လမ်းကြောင်းအား ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် လေဆိပ်အနောက်ဘက် ပင်လယ်ပြင်ဘက်မှ ကမ်းတက်၍ စစ်ကူမည့်တပ်များသည် ကမ်းတက်နိုင်ခြင်းမရှိသဖြင့် ဒဏ်ရာရရှိသူအချို့နှင့် တပ်မတော်မိသားစုဝင်အချို့သည် သံတွဲလေဆိပ်အတွင်း ပိတ်မိနေသည်ဟု သိရသည်။ 

သံတွဲမြို့နှင့် သံတွဲလေဆိပ်တည်ရှိသည့် ငပလီမြို့ များတွင် တပ်မတော်နှင့် AA တို့အကြား အပြန်အလှန် တိုက်ပွဲရှိကြောင်းသာသိရပြီး နှစ်ဖက်မည်သို့  နယ်မြေစိုးမိုးထားသည်ကို အတိအကျ သိရှိရခြင်းမရှိပေ။

    

လက်ရှိတွင် တပ်မတော်က တရုတ်နိုင်ငံစီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်အတွင်း တပ်အင်အားများကို ယခင်ထက် ပိုမိုဖြည့်တင်းနေသည်ဟုလည်း ဒေသတွင်းသတင်းဌာနအချို့က ဖော်ပြထားသည်။

 

Most Read

Most Recent