■ ဗန်းမော်နှင့် ရွှေကူမြို့များတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် လေးပေခန့် ရောက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများ  လုပ်ဆောင်နေရ

■ ဗန်းမော်နှင့် ရွှေကူမြို့များတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် လေးပေခန့် ရောက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများ  လုပ်ဆောင်နေရ
Published 4 July 2024

ကချင်ပြည်နယ်၊ဗန်းမော်နှင့် ရွှေကူမြို့များတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် လေးပေခန့် ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေရကြောင်း ဒေသခံများနှင့် အစိုးရအဖွဲ့ဝင်များက ဆိုပါသည်။

ဗန်းမော်မြို့နယ်တွင်  ကျေးရွာ ၁၆ ရွာနှင့်ရပ်ကွက် ငါးခုတွင် အနိမ့်ပိုင်းများတွင် မြစ်ရေများ ဝင်ရောက်နေကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာကိုကျော်လွန်ကာ ၁၂၆၉ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

သုညသုခပရဟိတ လူငယ်အသင်းမှ ဦးမျိုးမင်းထွေးက '' အခုက ဆူးပုတ်ကုန်းဘက် ကယ်ဆယ်ရေးလုပ်နေကြတယ်။မြို့ပေါ်က မနေ့ရော၊ဒီနေ့ဆိုရင် လူဦးရေ ၆၅၀ ကျော်လောက်ကို ရေလွှတ်တဲ့နေရာမှာ ပို့ထားတယ်။ကျနော်တို့က မြစ်ကြီးနားထက် တစ်ရက်ကျော်ကျော် သိရတော့ မနေ့ကတော့ ကားတွေ၊ဆိုင်ကယ်တွေနဲ့ ရှောင်နိုင်တယ်။ဒီနေ့တော့ရေတွေအားလုံး လွှမ်းသွားပြီ။ကျေးရွာတွေပိုင်းမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုနေကြတယ်''ဟုဆိုသည်။

ရွှေကူနှင့် ဗန်းမော်မြို့များတွင် ရေဘေးရှောင်သူပေါင်း  ထောင်ချီရှိပြီး ကျေးရွာအသီးသီးတွင်ရေဘေးရှောင်နေသူများ စာရင်း အတိအကျကို မသိရသေးကြောင်း ကူညီရေးလုပ်ဆောင်နေသည့် ဒေသခံ တစ်ဦးက ဆိုသည်။

ရွှေကူမြို့ခံ တစ်ဦးက'' အရှေ့ကမ်း၊အနောက်ကမ်း ကျေးရွာအုပ်စု ၁၃ စုစလုံး မလွတ်ဘူး။မနေ့ကတည်းက စရွေ့နေကြတာ။မြစ်ရေက နှစ်ပေါင်း ၂၀ အတွင်း အများဆုံး ရောက်မယ့် သဘောရှိတယ်။ရှိတဲ့ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွေ ပြည့်နေတယ် ။ကယ်ဆယ်ရေးအဖွဲ့တွေလည်း နားရတယ်ကို မရှိသေးဘူး''ဟု ဆိုသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ကချင် ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း နှင့်  ဇူလိုင် ၅ ရက်တွင် ဧရာဝတီ မြစ်ရေမှာ ဗန်းမော်မြို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ရွှေကူမြို့တွင် တစ်ပေခန့် ထပ်တက်လာနိုင်ကြောင်း၊ကသာမြို့တွင်တစ်ပေခွဲခန့် ထပ်မံ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

 

Most Read

Most Recent