မှတ်ပုံတင်ခြင်းဥပဒေနဲ့မညီတဲ့ ဘယ်နိုင်ငံရေးပါတီတွေ ငြင်းပယ်ခံရဦးမလဲ

မှတ်ပုံတင်ခြင်းဥပဒေနဲ့မညီတဲ့ ဘယ်နိုင်ငံရေးပါတီတွေ ငြင်းပယ်ခံရဦးမလဲ
UEC နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်စဉ်
UEC နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်စဉ်
Published 7 July 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ  (UEC) မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီများထဲမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆိုကာ နိုင်ငံရေးပါတီ လေး ပါတီကို UEC က ငြင်းပယ်ခဲ့သည်။

မေ ၇ ရက်မှ ဇူလိုင် ၁ ရက်အထိ နှစ်လနီးပါးအတွင်း နိုင်ငံရေးပါတီ လေးပါတီကို နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့် မညီညွတ်ဟုဆိုကာ UEC က ငြင်းပယ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ UEC က ငြင်းပယ်ခဲ့သည့် နိုင်ငံရေးပါတီ လေးပါတီထဲတွင် အင်အားကြီး တိုင်းရင်းသားနိုင် ငံရေးပါတီဖြစ်သည့် ရခိုင်အမျိုးသား ပါတီလည်း ပါဝင်လာသည်ကို တွေ့ ရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ရခိုင် အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသားပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိသည်ကို တွေ့ ရှိရကြောင်း UEC က ဆိုသည်။

ထို့နောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စုံညီအစည်းအ ဝေးအမှတ်စဉ် (၁၁/၂၀၂၄) ဆုံးဖြတ် ချက်အရ ရခိုင်အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထား ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဆ) ဖြင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းကတည်း က UEC ထံ နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တစ်နှစ် ကျော်အကြာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြ ဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိဟုဆိုကာ ငြင်းပယ်ခံခဲ့ရခြင်း ဖြစ်သည်။

မေ ၇ ရက်ကလည်း ဒီမိုကရေ စီပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိ စစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ယင်း ပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက် ထားချက်ကို UEC က နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

          ထို့ပြင် မေ ၁၄ ရက်ကလည်း ချင်းပြည်သူ့ပါတီ၏ လျှောက်ထား ချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာ နများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသ ဖြင့် ယင်းပါတီ၏ ပါတီတည်ထောင် ခွင့် လျှောက်ထားချက်ကို UEC က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ် လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

          ထို့အတူ မေ ၂၁ ရက်ကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအ ဖြစ် မှတ်ပုံတင်ပေးပါရန် ပြည်ထောင် စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ လျှောက် ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ စိစစ်ပြန်ကြားချက်များ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စုံညီအစည်းအ ဝေး အမှတ်စဉ် (၂/၂၀၂၄) ဆုံးဖြတ် ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံ တင်ခွင့်လျှောက်ထားချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ် လိုက်ကြောင်း UEC က ထုတ်ပြန် ထားသည်။

          ထိုသို့ UEC က ငြင်းပယ်ခဲ့သည့် နိုင်ငံရေးပါတီများထဲတွင် အင်အား ကြီး တိုင်းရင်းသားပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ ပါဝင်နေသည့် အတွက် ဝေဖန်မှုများလည်း ရှိခဲ့ သည်။

          ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲတွင်လည်းကောင်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဦးရေ အ များဆုံး အနိုင်ရရှိခဲ့သည့် နိုင်ငံရေး ပါတီများထဲတွင် ပါဝင်ခဲ့သည့် အင် အားကြီး တိုင်းရင်းသားနိုင်ငံရေး          ပါတီလည်း ဖြစ်သည်။

          ထို့ကြောင့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှစ၍ ကျင်းပခဲ့သည့် အထွေ ထွေရွေးကောက်ပွဲ၊ ကြားဖြတ်ရွေး ကောက်ပွဲများတွင် အစဉ်အဆက် ဝင်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရေ အများဆုံးအနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများထဲတွင် ပါဝင်ခဲ့ သည့် ရခိုင်အမျိုးသားပါတီကို UEC က ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ် လိုက်သည့်အပေါ် နိုင်ငံရေးအကဲ ခတ်များက ဝေဖန်နေကြခြင်းလည်း ဖြစ်သည်။

          နစကçက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နှင့် UEC က နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေကို ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

          ထို့နောက် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်နှင့် ပါတီ ဆက်လက်ရပ်တည်ရန် ရည် ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေအသစ်၏ ပြဋ္ဌာန်း ချက်များအတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လာ ရောက်လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၆၇ ပါတီ ရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်အထိ UEC သို့ လာရောက်လျှောက်ထား သည့် နိုင်ငံရေးပါတီ ၆၇ ပါတီရှိသည့် အနက် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၃ အရ လာရောက် လျှောက်ထားသည့် ပါတီ ၁၇ ပါတီ နှင့် ပုဒ်မ ၂၅ အရ လာရောက်လျှောက် ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိခဲ့ သည်။

          ယင်းသို့ လာရောက်လျှောက် ထားသည့် နိုင်ငံရေးပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအ တွင်း၌သာ စည်းရုံးမည့် နိုင်ငံရေးပါ တီ ၅၅ ပါတီ ရှိခဲ့သည်။

          အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပ ဒေအသစ်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် မှတ်ပုံတင်မည်ဆိုပါက ပြည့်စုံရမည့် စံနှုန်းများကို တိုးမြှင့် သတ်မှတ်လိုက်သဖြင့် နိုင်ငံရေးပါ တီများကို အခက်တွေ့စေခဲ့သည်။

          ၂၀၂၃ ခုနှစ်က နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက် သော ဥပဒေအသစ်တွင် အခန်းငါး ခန်းနှင့် ပုဒ်မ၂၇ ခု ပါဝင်သည်။ ထို ဥပဒေသစ်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် မှတ်ပုံတင်မည်ဆိုပါက ပြည့်စုံရမည့် စံနှုန်းများကို တိုးမြှင့် သတ်မှတ်ထားသည့်အတွက် နိုင်ငံ ရေးပါတီများအကြား ဝေဖန်မှုများ ရှိခဲ့သည်။

          ယင်းဥပဒေတွင် အဓိကအနေ ဖြင့် အခန်း (၂) နိုင်ငံရေးပါတီ တည် ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၌ ပါ ဝင်သည့် ပုဒ်မများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

          နစက ပြဋ္ဌာန်းလိုက်သော ဥပ ဒေအသစ်တွင် နိုင်ငံရေးပါတီ တည် ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီတည် ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး ပါတီဝင်များကို စည်းရုံးရန် UEC ကို တင်ပြရမည် ဖြစ်သည်။ UEC က ခွင့်ပြုလျှင် ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရ မည်ဖြစ်သည်။

          ပါတီတည်ထောင်လိုသူများ၏ အရည်အချင်းနှင့်ပတ်သက်၍ လည်း ပါတီတည်ထောင်သူသည် ၂၅ နှစ် ပြည့်ရမည်။ သာသနာ့ဝန် ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေ သူ မဟုတ်ရ။ သောင်းကျန်းသူအဖွဲ့ အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် ကြေညာခံ ထားရသော အဖွဲ့အစည်းများ၏ အ ဖွဲ့ဝင်မဖြစ်ရ။ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ မဟုတ်ရမည့်အပြင် နိုင်ငံ ခြားသား သို့မဟုတ် နိုင်ငံခြားသားအ ဖြစ် ခံယူထားသူ မဟုတ်ရဟု သတ် မှတ်ထားသည်။

          ထိုဥပဒေအသစ်တွင် နိုင်ငံရေး ပါတီများ အခက်တွေ့စေမည့်ပုဒ်မ က ၅ (စ) က စသည်။ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) တွင် ပြည်ထောင်စုတစ် ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသောနေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး တစ်သိန်းကို စည်းရုံးရမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံးမည့်ပါတီဆိုပါက ပါတီ ဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံး ရမည်ဟု ပြဋ္ဌာန်းထားသည်။

          ယခင် နအဖလက်ထက် ဗိုလ် ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထား သော ဥပဒေတွင် ပြည်ထောင်စုတစ် ဝန်းလုံး၌ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် နေ့ရက်မှစ၍့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး ၁၀၀၀ စည်းရုံးရမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း ၌သာ စည်းရုံးမယ့်ပါတီဆိုပါက ပါ တီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်း ရုံးရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

          ဥပဒေအဟောင်းနှင့် အသစ် ကို ယှဉ်ကြည့်လျှင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ် ပါက စည်းရုံးရမည့် ပါတီဝင်အင် အားက အဆ ၁၀၀ ကွာနေသည်ကို တွေ့ရသည်။ ထို့ပြင် တိုင်းနှင့် ပြည် နယ်တစ်ခုအတွင်း၌သာ စည်းရုံး မည့်ပါတီဖြစ်ပါက စည်းရုံးရမည့်ပါ တီဝင်အင်အားကို နှစ်ဆမြှင့်ထား သည်။ ထိုအချက်အပေါ် မူတည်၍ နိုင်ငံရေးပါတီများက ဝေဖန်ထောက် ပြခဲ့ခြင်းလည်း ဖြစ်သည်။

          ပုဒ်မ ၅ (ဆ) တွင်လည်း ပါတီ ရန်ပုံငွေကို သတ်မှတ်ရာ၌ ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါ တီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံးမည့်ပါတီဆိုပါက ကျပ် သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြ ဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်း ချက်သည် အသစ်ဖြစ်ပြီး ဥပဒေ ဟောင်း၌ မပါဝင်ပေ။

          ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ် သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင် စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ဖြစ် ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည် ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် အား လုံး၏ အနည်းဆုံးထက်ဝက်တွင် ဖွင့်လှစ်ရန်နှင့် တိုင်းနှင့် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါ တီဆိုပါက အဆိုပါ တိုင်းနှင့် ပြည် နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့ နယ်တွင် ပါတီရုံးခန်းများဖွင့်လှစ်ရ မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထား သည်။ အဆိုပါပြဋ္ဌာန်းချက်ကလည်း ယခင် ဥပဒေဟောင်း၌ ပါဝင်ခြင်းမရှိ သည့် ပြဋ္ဌာန်းချက်ဖြစ်ပြီး အသစ်ထည့် သွင်းပြဋ္ဌာန်းထားခြင်းလည်း ဖြစ် သည်။

          အဆိုပါပြဋ္ဌာန်းချက်အရ ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါ တီဆိုလျှင် မြို့နယ်အားလုံး၏ အ နည်းဆုံးထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်ရမည်ဖြစ်သောကြောင့် မြို့နယ် ၁၆၀ ကျော်တွင် ဖွင့်လှစ်ရမည်ဖြစ် သည်။

          အဘယ်ကြောင့်ဆိုသော် မြန် မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိ သည့်အတွက် မြို့နယ် ၁၆၅ မြို့နယ် ၌ ပါတီရုံးခန်း ဖွင့်ရမည်ဖြစ်သည်။ တစ်မြို့နယ်လျှင် တစ်ခန်းနှုန်း ဖွင့် မည်ဆိုပါက ၁၆၅ ခန်း ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူများက ထောက် ပြသည်။

          နစက အသစ်ပြဋ္ဌာန်းလိုက် သော နိုင်ငံပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါပုဒ်မများကြောင့် ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ရန် အခက်အ ခဲရှိကြောင်း နိုင်ငံရေးပါတီအချို့က ပြောဆိုမှုများ ရှိခဲ့သည်။

ထိုသို့တိုးမြှင့်သတ်မှတ်မှု ကြောင့် UEC သို့ လာရောက်လျှောက် ထားသည့် နိုင်ငံရေးပါတီ ၆၇ ပါတီ သည့်အနက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စည်းရုံးမည့်ပါတီမှာ ၁၂ ပါတီသာ ရှိခဲ့သည်။

ထိုသို့ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် စည်းရုံးမည့် နိုင်ငံရေးပါတီ အင်အားလျော့နည်းသွားခြင်းမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ် ပြောကြားမှုများ ရှိခဲ့သည်။

ထိုအကျိုးဆက်ကို နိုင်ငံရေး ပါတီများက ခံစားခဲ့ရသည်။ မှတ် ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီ များက တင်ပြလာသည့် သတ်မှတ် ပါတီဝင်အင်အားစာရင်းကို UEC က စစ်ဆေးရာတွင် သတ်မှတ်ချက် များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင် အင်အားများ ပါဝင်နေသည်ကို တွေ့ ရှိခဲ့သည်။

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများက တင်ပြလာ သည့် ပါတီဝင်အင်အားစာရင်းကို စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် မပြည့်စုံသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ် ထပ်နေသူများ၊ နိုင်ငံ သားစိစစ်ရေးကတ်အမှတ်နှင့် အ မည် ကွဲလွဲသူများ၊ မြို့နယ်ကုတ် လွဲ မှားနေသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နေရပ်လိပ်စာပြည့်စုံခြင်း မရှိသူများ၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ ပါဝင်နေသည်ကို တွေ့ရ ကြောင်း UEC က ဆိုသည်။

          ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၉၀ ပြည့်သည့် နိုင်ငံရေးပါတီ ၃၅ ပါတီ ရှိသည့်အ နက် ၂၈ ပါတီကသာ သတ်မှတ်အင် အားပြည့်မီနေသည်ကို တွေ့ရ ကြောင်း UEC က ထုတ်ပြန်သည်။

          ထို့ပြင် ပါတီရုံးခန်း ဖွင့်လှစ် ရေးနှင့်ပတ်သက်၍ ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည့် နိုင်ငံရေးပါတီ ၃၂ ပါ တီရှိသည့်အနက် ၁၉ ပါတီကသာ သတ်မှတ်ချက်နှင့်အညီ ရုံးခန်းဖွင့် လှစ်ထားသည်ကို တွေ့ရကြောင်း UEC က ဆိုသည်။

          UEC က ထိုသို့ထုတ်ပြန်သော် လည်း လက်ရှိတွင် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေ သော လက်နက်ကိုင်ပဋိပက္ခနှင့် မ လုံခြုံမှုများကြောင့် ပါတီလုပ်ငန်း စဉ်များ လုပ်ဆောင်ရန် အခက်အခဲ များ ရှိနေကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ထောက်ပြပြော ဆိုမှုများ ရှိသည်။

          လုံခြုံရေးအခြေအနေကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီ စည်းရုံးရေး မဆင်းနိုင်ခြင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် ပါတီဝင်အင်အား စုစည်းရန် အခက်အခဲရှိခြင်း၊ ပါတီ ညီလာခံ မကျင်းပနိုင်ခြင်း စသည့် အခြေအနေများနှင့် ကြုံတွေ့နေရ ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

          ထိုသို့သော အခြေအနေတွင် ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးပါ တီများအနေဖြင့် သတ်မှတ်ပါတီဝင် အင်အားကို UEC ထံ မတင်ပြနိုင် ပါက မှတ်ပုံတင်ထားခြင်းမှ ပယ် ဖျက်ခံရမည်ဖြစ်ပြီး ပါတီကိုလည်း ဖျက်သိမ်းမည်ဟု ဥပဒေအသစ်တွင် ပြဋ္ဌာန်းထားသည်။

          ထိုအချိန်တွင် နိုင်ငံရေးပါတီ များကို တပ်လှန့်လိုက်သည့်ကိစ္စ တစ်ရပ်က ပေါ်ပေါက်လာသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသော ပါ တီဝင်အင်အားစာရင်း မတင်ပြနိုင် သဖြင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက် တစ်ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။

          UEC အနေဖြင့် ရှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

          ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီသည် ရက်ပေါင်း ၉၀ အ တွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို ဥပဒေ သတ်မှတ်ချက်အ တိုင်း စည်းရုံးမှုမပြုနိုင်သည့်အပြင် ပါတီဝင်အင်အား ပြည့်မီရေးအ တွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန် လည်တင်ပြရန် အကြောင်းကြားခဲ့ သော်လည်း တင်ပြနိုင်မှုမရှိခြင်း ကြောင့် ဖျက်သိမ်းခံရခြင်းလည်း ဖြစ်သည်။

          ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီဖြစ်စဉ်က မှတ်ပုံတင်ခွင့် ပြုထားသော နိုင်ငံရေးပါတီများကို တပ်လှန့်သကဲ့သို့ ဖြစ်သွားကြောင်း နိုင်ငံရေးလေ့လာသူများက ရှုမြင် ကြသည်။

          ထို့ကြောင့် UEC ထံ သတ်မှတ် ချက်နှင့် ကိုက်ညီသော ပါတီဝင် အင်အားစာရင်း မတင်ပြနိုင်ပါက နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရ မည့် အရေးသည် ပါတီခေါင်းဆောင် များအတွက် ကြီးမားသော စိန်ခေါ်မှု လည်း ဖြစ်သည်။

          ထိုသို့သောအခြေအနေတွင် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေတစ်ရပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

          အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင် သည့်ဥပဒေတွင် ယခင်ကပြဋ္ဌာန်း ထားသည့် ပုဒ်မအချို့ကို ပြန်လည် ပြင်ဆင်ထားပြီး ဖြေလျှော့မှုများ လုပ်ဆောင်ထားသည်ကို တွေ့ရ သည်။

          အဓိကအားဖြင့် နိုင်ငံရေးပါ တီများ၏ ပါတီဝင်စည်းရုံးရမည့် ရက်အကန့်အသတ်၊ ပါတီဝင်အင် အားနှင့် ပါတီရုံးခန်း ဖွင့်လှစ်ရမည့် သတ်မှတ်ချက်များကို ဖြေလျှော့ပေး ခဲ့သည်။

          ထို့ပြင် ပါတီငွေစာရင်းကိစ္စ များ၊ ပါတီပိုင်ပစ္စည်းများကို နိုင်ငံ တော်ပိုင်သိမ်းယူခြင်းနှင့် ဆိုင်သည့် ပုဒ်မများ၊ မတရားအသင်းဆက် သွယ်ခြင်းဆိုင်ရာ ပုဒ်မများအပြင် အကြမ်းဖက်အဖွဲ့အစည်း ဆက် သွယ်မှုဆိုင်ရာ ပုဒ်မများနှင့်ပတ် သက်၍လည်း ပြန်လည်ပြင်ဆင် ထားသည်။

          ယခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့် နိုင်ငံရေးပါတီများ အနေဖြင့် ယခင်က ပါတီဝင်အင် အား အနည်းဆုံး တစ်သိန်း စည်းရုံး ရမည့်အစား ငါးသောင်းကိုသာ စည်းရုံးရမည်ဖြစ်သည်။

          ထို့ပြင် ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့် နိုင်ငံရေးပါတီများ အနေဖြင့် မြို့နယ်အားလုံး၏ ထက် ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည့် အစား မြို့နယ်အားလုံး၏ သုံးပုံတစ် ပုံခန့်တွင်သာ ရုံးခန်းဖွင့်လှစ်ရတော့ မည်ဖြစ်သည်။

          ထို့အတူ မှတ်ပုံတင်ကျသည့် ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်ပါတီရုံးခန်းများ ဖွင့်လှစ်ရ မည့်အစား ရွေးကောက်ပွဲကျင်းပ မည့် ရက်မတိုင်မီ အနည်းဆုံး ရက် ပေါင်း ၉၀ အတွင်း ပါတီရုံးများ ဖွင့် လှစ်ရမည်ဖြစ်သည်။

          ယခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ယခင်စံနှုန်းများကို လျှော့ပေါ့ပေးခဲ့သောကြောင့် နိုင်ငံ ရေးပါတီများကို အနည်းငယ်အ သက်ရှူချောင်စေခဲ့သည်။

          လက်ရှိတွင် UEC သို့ လာ ရောက်ထားခဲ့သည့် နိုင်ငံရေးပါတီ ၆၇ ပါတီရှိသည့်အနက် ၄၉ ပါတီ အထိ မှတ်ပုံတင်ခွင့်ပြုထားသော် လည်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ မြိုတိုင်း ရင်းသားပါတီကို၂၀၂၃ ခုနှစ် နိုဝင် ဘာ ၂၂ ရက်တွင်လည်းကောင်း UEC က နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီ အားဖျက်သိမ်းခဲ့သောကြောင့် ၄၇ ပါတီသာ ကျန်ရှိသည်။

          ထိုအရေအတွက်သည် လာ ရောက် လျှောက်ထားသည့် နိုင်ငံရေး ပါတီ အားလုံး၏ လေးပုံသုံးပုံနီးပါး လည်း ဖြစ်သည်။

          သို့သော် UEC က မှတ်ပုံတင် ခွင့်မပြုသေးသည့် နိုင်ငံရေးပါတီ ၁၄ ပါတီထဲတွင် နာမည်ကြီး တိုင်း ရင်းသားနိုင်ငံရေးပါတီများဖြစ် သည့် မွန်ညီညွတ်ရေးပါတီ၊ ကချင် အမျိုးသား ကွန်ဂရက်ပါတီ၊ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ်ပါတီ စသည့် နိုင်ငံ ရေးပါတီများ ကျန်ရှိနေသေးသည်။

          လက်ရှိတွင် UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ မှတ်ပုံတင်ပေး ရန် လျှောက်ထားမှုအပေါ် စိစစ်နေ ဆဲဖြစ်ပြီး မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း မရှိသည့် မည်သည့်နိုင်ငံရေးပါတီ များအား ထပ်မံငြင်းပယ်ဦးမည်ကို နိုင်ငံရေးအကဲခတ်များက ဆက် လက် စောင့်ကြည့်လျက်ရှိကြသည်။