ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ Demand Letter အချို့ကို အလုပ်သမားဝန်ကြီးဌာနဘက်က ပြန်လည်လက်ခံ

ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ Demand Letter အချို့ကို အလုပ်သမားဝန်ကြီးဌာနဘက်က ပြန်လည်လက်ခံ
Published 7 May 2024

ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ Demand Letter အချို့ကို အလုပ်သမားဝန်ကြီးဌာနဘက်က ပြန်လည်လက်ခံနေကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနေ့(မေ ၇ ရက်)တော့ ပြန်လက်ခံလိုက်ပြီ။ Demad Letter တွေကိုပေါ့။ ယာယီပိတ်ထားတဲ့ Demad Letter တွေကို ပြန်လက်ခံနေပါတယ်” ဟုမြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေ ၇ ရက်တွင် ပြန်လည်လက်ခံလိုက်ခြင်းဖြစ်ပြီး အေဂျင်စီအချို့၏ Demand Letter များကို ပြန်လည်လက်ခံနေခြင်းဖြစ်ပြီး ကန့်သတ်ချက်အချို့ရှိသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့ထံမှ သိရသည်။

“တချို့တင်ကြတဲ့ ကုမ္ပဏီတွေကိုတော့ ကန့်သတ်ချက်တွေရှိတယ်ဆိုတာကိုတော့ ပြောတယ်။ တရားဝင်စာနဲ့တော့ မဟုတ်ဘူးပေါ့။ ဘယ်လိုကန့်သတ်ချက်တွေလည်းဆိုတာတော့ တင်ခဲ့တဲ့အေဂျင်စီတွေပဲ သိမယ်။ Demand Letter တွေကို ပြန်လက်ခံတာတော့ ကျိန်းသေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း ပြည်ပထွက်ခွာမည့် အလုပ်သမားများ၏ Demand Letter များကိုမူ လက်ခံခြင်းမရှိသေးဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းထံ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း မေ ၇ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မေ ၁ ရက်က စတင်ပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီများက အလုပ်သမားဝန်ကြီးဌာနသို့ Demand Letter များ လျှောက်ထားခြင်းကို လက်မခံတော့ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။

ထွက်ခွာခွင့်ကိစ္စများ အချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ပြည်ပအမျိုးသားလုပ်သားထွက်ခွာခွင့် ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မီဒီယာများကို ဖြေကြားထားသည်။

မေ ၁ ရက်မှစတင်ပြီး ပြည်ပသို့ အမျိုးသားလုပ်သားများ အလုပ်လုပ်ခွင့်ကို ပိတ်သိမ်းထားသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး မီဒီယာအချို့က မေးမြန်းချက်များအပေါ် အလုပ်သမားဝန်ကြီးဌာနက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ ကျော်ရှိပြီး မြန်မာလုပ်သားအများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံအပြင် စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားအစရှိသည့် နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည်။

Most Read

Most Recent