နယ်နိမိတ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ လျော့ကျစေရေး

နယ်နိမိတ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ လျော့ကျစေရေး
Published 19 May 2024
ရွှေသင်  (MPP)

(၃၃) ကြိမ်မြောက် Crime Prevention and Criminal Justice အစည်းအဝေးတစ်ရပ်ကို  ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌  မေ ၁၃ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည်။ အစည်းအဝေးပထမနေ့တွင် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်‌ရေးအဖွဲ့ (အက်ဖ်တီအေအက်ဖ်-FTAF)၊ ရာဇဝတ်မှုဆိုင်ရာနိုင်ငံတကာရဲတပ်ဖွဲ့ရုံး (အင်တာပိုလ်-INTERPOL) နှင့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂရုံး (ယူအန်အိုဒီစီ-UNODC) အကြီးအကဲများထံမှ “နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများမှတစ်ဆင့်ရရှိလာသည့် ပမာဏကြီးမားသော ငွေကြေးအမြတ်အစွန်းများကို ပစ်မှတ်ထား၍ ထိထိရောက်ရောက် တိုက်ဖျက်ရန်နှင့် ကမ္ဘာ့နိုင်ငံများအားလုံး  အရေးပေါ်အားထုတ်လုပ်ဆောင်မှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးအနက်ထား၍ ဖော်ထုတ်ပြောကြားမှုများရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ နိုင်ငံများကြားတွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့အားပေးမှုများသည် ထိခိုက်လွယ်၊ ခံစားရလွယ်ကူသော နိုင်ငံသားများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ပိုမိုဖြစ်လာနေသောကြောင့်ပင်။   

ရာဇဝတ်မှုများမှရရှိလာသော ငွေကြေးများနှင့် နောက်ကွယ်ရှိ တရားမဝင်ငွေကြေးကွန်ရက်များကို အလေးထားအာရုံစိုက်၊ ခြေရာခံနိုင်ခြင်းအားဖြင့် စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်မှုကွန်ရက်များကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းကြိုတင်ကာကွယ်ရေးကြိုးပမ်းမှုများကိုလည်း ထိရောက်မှုကို မြှင့်တင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ တရားမဝင်လုပ်ငန်းများမှ အမြတ်အစွန်းများကို ပစ်မှတ်ထားတိုက်ဖျက်ခြင်းဖြင့် ရာဇဝတ်မှုနှင့်ပတ်သက်သော လှုပ်ရှားမှုများကို လျှော့ချနိုင်မည်။ စီးပွားရေးတိုးတက်မှု၊ ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် အဖွဲ့အစည်းများ၏ခိုင်မာသော အုပ်ချုပ်မှုကဲ့သို့ ရလဒ်ကောင်းများဖြစ်ပေါ်လာနိုင်ပြီး ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်းများ (SDGs) အကောင်အထည်ဖော်မှုပေါ်တွင်လည်း အပေါင်းလက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြသည်။      

FATF ဥက္ကဋ္ဌဖြစ်သူ T. Raja Kumar က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးမှန်ကန်ဖြောင့်မတ်မှု (global financial integrity) သည် ဘဏ္ဍာရေးတည်ငြိမ်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့အတွက် အရေးကြီးသည်ဟုဆိုသည်။ ထို့ပြင် ၎င်းကဆက်လက်၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အားပေးဘဏ္ဍာရေးများကို တိုက်ဖျက်မည့် စံနှုန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ဖြစ်ကြောင်း၊ FATF အဖွဲ့သည်  အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်လျက်ရှိပြီး ကြီးမားသောရာဇဝတ်မှုများ ဖြစ်ပေါ်စေသည့် အထူးသဖြင့် နယ်နိမိတ်ဖြစ်ကျော် ငွေကြေးခဝါချမှုများကို ဖြတ်တောက်သည့်လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်မည်ဟု ကတိပြုကြောင်း၊ ရာဇဝတ်မှုလုပ်ငန်း၏ အသက်သွေးကြောဖြစ်သော ငွေကြေးအရင်းအမြစ်မျာ၊ အက်ဆက်ပိုင်ဆိုင်မှု လမ်းကြောင်းများကို ရှာဖွေသိမ်းဆည်း၊ ဖြတ်တောက်ရန်တို့ကို စုပေါင်းလုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံအစိုးရများက လက်ခံကျင့်သုံးရမည့် အဓိကကျသောကြိုတင် ကာကွယ်မှုဗျူဟာပင် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 INTERPOL အထွေထွေအတွင်းရေးမှူးချူပ်ဖြစ်သူ Jurgen Stock ကလည်း  ရာဇဝတ်မှုကျူးလွန်သူများသည် ငွေကြေးအမြတ်အစွန်းများအတွက်  မည်သည့်ကုန်ပစ္စည်းကိုမဆို တရားမဝင်ရောင်းဝယ်ဖောက်ကားကြနေကြသောကြောင့် တရားမဝင်သော အမြတ်အစွန်းများကို ချုပ်ကိုင်မိနိုင်ရန်အတွက် ၎င်းတို့လုပ်ဆောင်နေသည့် နည်းလမ်းတိုင်းကို လေ့လာနေရမည်ဟုဆိုသည်။ တရားဥပဒေစိုးမိုးရေးမြှင့်တင်ရန်နှင့် ထိခိုက်လွယ်သော လူမှုအသိုက်အဝန်းများကို အကာအကွယ်ပေးရာတွင် တရားမဝင်စီးဆင်းနေသော ငွေကြေးလမ်းကြောင်းများကို ပိတ်ဆို့ဟန့်တားခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်။ ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် ကဏ္ဍအားလုံး၌ အရေးယူဆောင်ရွက်ရန်လိုအပ်လာသည်။ INTERPOL အဖွဲ့အနေဖြင့်လည်း လိုအပ်သမျှ ပံ့ပိုးမှုများကို ပံ့ပိုးပေးရန်အသင့်ရှိနေသည်ဟုလည်း ကမ်းလှမ်းထားသည်။    

          UNODC အမှုဆောင်ဒါရိုက်တာ Ghada Waly ကလည်း ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုနှင့် ၎င်းတို့၏ကျူးလွန်လုပ်ဆောင်မှုများ သည် ကမ္ဘာတစ်ဝန်း မတည်မငြိမ်မှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်မှုတို့ကို ပိုမိုဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးလျက်ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးမှန်ကန်ဖြောင့်မတ်မှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုမြှင့်တင်ရန် ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အသက်တမျှ အရေးကြီးကြောင်း မှတ်ချက်ပြုပြောကြားထားသည်။  UNODC သည် အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍများ၊ ရာဇဝတ်မှုဆိုင်ရာ နိုင်ငံတကာရဲတပ်ဖွဲ့ရုံး (INTERPOL)၊ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်‌ရေးအဖွဲ့ (FATF) တို့နှင့် လက်တွဲ၍ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပံ့ပိုးနေသည့် တရားမဝင်ငွေကြေးကွန်ရက်များ ကို ဖြိုခွဲဖြတ်တောက်နိုင်ရန်အတွက် ဘဏ္ဍာရေးနှင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် အဆင်သင့်ရှိနေသည်။

           FATF၊  INTERPOL နှင့် UNODC အဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင်သုံးဦးတို့သည် လက်ရှိအခြေ အနေများကို အကဲဖြတ်၍ အလေးထားထောက်ပြမှုများပြုလုပ်ခဲ့သကဲ့သို့ ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် the  UN 2026 Crime Congress မတိုင်မီ မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ တိုးတက်မှုအရှိန်မြှင့်ရေးကိုလည်း တောင်းဆိုခဲ့ကြသည်။ ထိရောက်သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရုန်းကန်နေရသောနိုင်ငံများကို ပံ့ပိုးကူညီမှုပေးရန်လည်း များစွာလိုအပ်လျက်ရှိနေသည်။ ထို့အတူ နိုင်ငံများအားလုံး ပါဝင်လုပ်ဆောင်နိုင်သည့် ပူးတွဲချဉ်းကပ်လုပ်ဆောင်မှုများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍနှင့်လည်း ပိုမိုးတိုးချဲ့လုပ်ဆောင်မှုများကို လည်း အသိအမှတ်ပြုရန်လိုအပ်သည်။ အစိုးရ-ပုဂ္ဂလိက မိတ်ဖက်လုပ်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းမှုများသည်    အရှိန်အဟုန်ဖြင့် ထိရောက်မှုအခြေအနေမြင့်တက်လာနိုင်မည်ဖြစ်ပေသည်။     

          အစည်းအဝေးတက်ရောက်သူများကလည်း လုပ်ငန်းအကောင်အထည်ဖော်မှု ထိရောက်နိုင်စွမ်းကို အဓိကတွန်းအားပေးသည့် စွမ်းရည်မြှင့်တင်ရေး၊ ဘေးအန္တရာယ်အခြေပြု ချဉ်းကပ်မှုကို ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ကဏ္ဍပေါင်းစုံ ပူးတွဲလုပ်ဆောင်နိုင်ရေး၊ နည်းပညာအသုံးချနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ အက်ဖ်တီအေအက်ဖ်၊  အင်တာပိုလ်နှင့် ယူအန်အိုဒီစီ အဖွဲ့သုံးဖွဲ့သည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ဆောင်မှုများအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမူဘောင်များ ( AML/CFT frameworks ) မြှင့်တင်နိုင်ရေးအတွက်လည်း တိုက်တွန်းမှုများ ဆက်လက်လုပ်ဆောင်ကြပေလိမ့်မည်။  

 

ကိုးကား။  Urgent Cooperation Needed To Fight Money Laundering And Terrorist Financing

 

 

Most Read

Most Recent