ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက်တို့အား စာချုပ်သစ်ချုပ်ရန် လီဗာပူးလ်အသင်း အသည်းအသန်ကြိုးပမ်းနေဟု အသင်းအမှုဆောင်ချုပ်ဟောင်း  ပီတာမိုး ပြောကြား

ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက်တို့အား စာချုပ်သစ်ချုပ်ရန် လီဗာပူးလ်အသင်း အသည်းအသန်ကြိုးပမ်းနေဟု အသင်းအမှုဆောင်ချုပ်ဟောင်း  ပီတာမိုး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 23 November 2024

 

လီဗာပူးလ်အသင်း၏အမှုဆောင်ချုပ်ဟောင်းဖြစ်သူ ပီတာမိုးက လီဗာပူးလ်အသင်းအနေဖြင့် အသင်း၏အဓိက ကစားသမားများဖြစ်သည့် ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက်တို့အား စာချုပ်သစ်ချုပ်ဆိုရန် အသည်းအသန်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် ကာလရှည်လက်တွဲလာသည့် နာမည်ကျော်နည်းပြ ယာဂန်ကလော့ပ်နှင့် လမ်းခွဲပြီးနောက် နည်းပြသစ် အာနယ်ဆလော့နှင့်အတူ အကူးအပြောင်းကာလကို ဖြတ်သန်းနေသည်။ နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် လီဗာပူးလ် အသင်းအနေဖြင့် ကွင်းအတွင်း ရလဒ်များ ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။ သို့သော် လီဗာပူးလ်အသင်း၏ အဓိက ကစားသမားဖြစ်သည့် ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက်တို့မှာ ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ လီဗာပူးလ်ပရိသတ်များမှာ အဆိုပါကစားသမားများအား ဆုံးရှုံးရမည်ကို စိုးရိမ်နေကြသည်။ 

ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက်တို့သည် ကလော့ပ်လက်ထက်က လီဗာပူးလ်အသင်း ၏အောင်မြင်မှုများတွင် အဓိကကျခဲ့သူများ ဖြစ်သလို ဆလော့လက်ထက်တွင်လည်း လီဗာပူးလ်အတွက် အဓိကခြေစွမ်းပြနေသူများ ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်ပရိသတ် များသည် အဆိုပါကစားသမားသုံးဦး၏ စာချုပ်ကို နောက်ဆုံးနှစ်ရောက်သည်အထိ ပစ်ခဲ့ထားသည့် လီဗာပူးလ်အသင်းတာဝန်ရှိသူများအပေါ် ပြစ်တင်ဝေဖန်မှုများလည်း ရှိနေသည်။ ယခုအခါ လီဗာပူးလ်အသင်းတွင် အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ပီတာမိုးက လီဗာပူးလ်အသင်းအနေဖြင့် ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက်တို့ကို စာချုပ်သစ်ချုပ်ဆိုရန် အသည်းအသန်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပီတာမိုးက "ဆာလာ၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ ဘာတွေဖြစ်မလဲတော့ ကျွန်တော် မသိပါဘူး။ လီဗာပူးလ်ကနေ သူတို့ထဲက တစ်ယောက်ယောက် ထွက်သွားတာကို စဉ်းစားလို့တောင် မရပါဘူး။ လီဗာပူးလ်အသင်း ပိုင်ရှင်တွေအနေနဲ့ ဆာလာ၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အသည်းအသန်ကြိုးပမ်းနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ သူတို့သုံးဦးထဲမှာ ဘယ်သူဆက်နေပြီး ဘယ်သူ လီဗာပူးလ်ကနေ ထွက်ခွာမယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲဒီကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့သုံးဦးစလုံး အသင်းအတွက် စိတ်နှစ်ပြီးကစားပေးနေတာကို မြင်ရမှာပါ။ ဒီတော့ သူတို့ အသင်းက ထွက်ခွာသွားစရာမရှိဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် အာနိုးလ်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ လီဗာပူးလ်ပိုင်ရှင်တွေက သူတို့ကိုစာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေတာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent