ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်

ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်
Photo: Sporting News
Photo: Sporting News
Published 23 November 2024

 

အငြင်းပွားဖွယ် ပြောဆိုမှုနှင့် အပြုအမူ များကြောင့် ရာထူးမှ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ် ခံထားရသည့် ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်ဖြစ်ကြောင်း ဒိုင်ကော်မတီဖြစ်သည့် PGMOL ၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်က လူမှုမီဒီယာ၌ ထွက်ပေါ်ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ကူတီက လီဗာပူးလ်အသင်းကို "ချေးထုပ်အသင်း" ဟု ပြောဆိုခဲ့သလို နည်းပြဟောင်း ကလော့ပ်ကိုလည်း ညစ်ညမ်းသည့်စကားလုံးဖြင့် "စိတ်ကြီးဝင်နေသည့် ဂျာမန်ကောင်" ဟု ပြောကြားထားသည်။ အဆိုပါဗီဒီယိုမှာ ၂၀၂၀-၂၀၂၁ ရာသီတွင် ရိုက်ကူးထားခြင်းဖြစ်နိုင်ကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားသည့် အဲဗာတန်-လီဗာပူးလ် မာဆေးဆိုက်ဒါဘီပွဲစဉ်တွင် ကူတီက VAR ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းပွဲတွင် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်၏ ဖျက်ထုတ်မှုကြောင့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ACL ထိခိုက်မိပြီး ရာသီကုန်အထိ အနားယူခဲ့ရသော်လည်း ကူတီက ပစ်ဖို့ဒ်ကို အရေးယူရန် တိုက်တွန်းခြင်းမရှိဘဲ ပြစ်ဒဏ်ဘောဖြစ်ရာတွင် လူကျွံ ဖြစ်နိုင်သည့်အခြေအနေကိုသာ ဦးစားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။အစောပိုင်းတွင် ကူတီက အဆိုပါဗီဒီယိုမှာ အစစ်အမှန်မဟုတ်ကြောင်း ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဝန်ခံခဲ့သည်။

ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ၎င်းအား စည်းမျဉ်းအမှတ် E3 ချိုးဖောက်မှုဖြင့် စုံစမ်းစစ်ဆေးနေပြီး PGMOL ကလည်း ရာထူးမှ ဆိုင်းငံ့သည့်ပြစ်ဒဏ် ချမှတ်ထားသည်။ ထို့ပြင် ကူတီသည် ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်း မူးယစ်ဆေးဟု ယူဆရသည့် အဖြူရောင်အမှုန့်များရှူနေသည့် ဗီဒီယိုဖိုင် နိုဝင်ဘာ ၁၃ ရက်တွင် ထပ်မံထွက်ပေါ်လာပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကပါ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်း၏အခြေအနေနှင့်ပတ်သက်၍ PGMOL ပြောရေးဆိုခွင့်ရှိသူက "ဒေးဗစ်ကူတီရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ စွပ်စွဲမှုတွေကို အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ဒေးဗစ်ကို ဆိုင်းငံ့ထားပေမဲ့ သူ့ရဲ့ လူမှုဖူလုံရေးက ကျွန်တော်တို့အတွက် အရေးပါနေဆဲပါပဲ။ သူ့အတွက် ပံ့ပိုးမှုရနိုင်တဲ့ကွန်ရက်တွေကို သူသိပါတယ်" ဟု ဆိုသည်။

Most Read

Most Recent