ဘူးသီးတောင်မြို့ရှိ ဘင်္ဂါလီ နေအိမ်များကို AA အဖွဲ့က မီးရှိုခဲ့ဟု ဘင်္ဂါလီအရေး လှုပ်ရှားသူများ လူမှုကွန်ရက်တွင် ရေးသားဖော်ပြ

ဘူးသီးတောင်မြို့ရှိ ဘင်္ဂါလီ နေအိမ်များကို AA အဖွဲ့က မီးရှိုခဲ့ဟု ဘင်္ဂါလီအရေး လှုပ်ရှားသူများ လူမှုကွန်ရက်တွင် ရေးသားဖော်ပြ
Published 19 May 2024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ဘင်္ဂါလီ နေအိမ်များကို AA အဖွဲ့က မေ ၁၇ ရက်က မီးရှိုခဲ့ကြောင်း ဘင်္ဂါလီ အရေးလှုပ်ရှားသူများ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်ကိုတွေ႔ရသည်။

ဘင်္ဂါလီ အရေးလှုပ်ရှားသူ  ရိုနေဆန်းလွင်က ''ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း)နေအိမ်တွေအားလုံးကို မနေ့ညက အေအေ (AA) က မီးရှို့လိုက်လို့ ပြာဖြစ်သွားပြီ''ဟု ၎င်း၏ Facebook အကောင့်တွင်ရေးသားထားသည်။

ထို့အတူ ဘင်္ဂါလီ အရေးလှုပ်ရှားသူ ဦးအောင်ကျော်မိုးက နေအိမ်များမီးရှို့ခံရမှုကြောင့် တစ်သိန်းခွဲကျော်လောက်ရှိမည့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း)အားလုံး လမ်းပေါ်နှင့် လယ်ကွင်းများတွင် အစားအသောက်မရှိ ခိုလှုံစရာနေရာမရှိဖြစ်နေကြောင်းနှင့် AA တပ်ဖွဲ့ဝင်များက မြို့အနှံ့တွင်အလံများဝှေ့ပြီး အောင်ပွဲခံနေကြောင်း ၎င်း၏ Facebook အကောင့်တွင်ရေးသားထားသည်။

ယင်းမတိုင်မီ နှစ်ရက်တွင် AA အဖွဲ့က အသက်ကြီးပိုင်းများကိုအစည်းအဝေခေါ်ယူခဲ့ပြီး နေအိမ်များမှ တတ်နိုင်သမျှအမြန်ဆုံးထွက်ခွာရန် ပြောခဲ့ ကြောင်း၊ AA သည်ဘူးသီးတောင်မြို့ကို သိမ်းယူလိမ့်မည်ဟုပြောကြောင်း၊ သွားစရာနေရာမရှိသောကြောင့် နေအိမ်များကို စွန့်ခွာမည်မဟုတ်ဟု ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း)များက ပြောကြားခဲ့ကြောင်း၊ ဘူးသီးတောင်တစ်မြို့လုံးသည် ပြာပုံဖြစ်လာခဲ့ကြောင်း လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့ခံများသည် မောင်းတော-BTD ကားလမ်းတစ်လျှောက်ရှိ လယ်ကွင်းများထဲကိုရောက်နေကြောင်း၊ သေကြေ ဒဏ်ရာရသူ အများအပြား ရှိနေသည်ဟု သတင်းအရင်းအမြစ်များက ပြောကြားခဲ့ပြီး သေကျေ ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြု ရသေးကြောင်း ဦးအောင်ကျော်မိုးက ရေးသားထားသည်။

အလားတူ မီးရှို့ခံရမှုတွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်၏ နေအိမ်လည်း ပါဝင်ကြောင်း ၎င်း၏ပြောကြားချက်ကိုကိုးကား၍ မဇ္ဈိမသတင်းဌာနက ဖော်ပြထားသည်

''ဘူးသီးတောင်မှာ ရှိသမျှ ဘင်္ဂါလီ ီ (မူရင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း)တွေအများဆုံးနေတဲ့ ရပ်ကွက်တွေကို မီးရှို့တာ War crime မြောက်တယ်။ စစ်ရာဇဝတ်မှုမြောက်တယ်။ မြို့ပေါ်မှာ စစ်တပ်ကမရှိတော့ဘူး။ AA ပဲရှိတာ။ နှစ်ဖက်တိုက်ပွဲဖြစ်တာမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်အာမခံပြောရဲတယ် ''ဟု ဦးရွှေမောင် ကပြောကြားသည်။

 ဘူးသီးတောင်၊ မောင်တောဒေသက တယ်လီဖုန်းဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေသည့်နေရာဖြစ်ကြောင်း၊ ဖုန်းနှင့်ဆက်သွယ်ပြောကြားသည်မှာ မည်မျှသေချာသည်ဆိုသည်ကို ပြန်ပြီးမေးရမလိုဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့ထဲတွင် မီးလောင်သည်ဆိုသည့်ကိစ္စသည် တပ်မတော်

က လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းရှိပြီး ယင်းအတွက်ကြောင့် မီးလောင်ခြင်းရှိကြောင်း၊ AA အဖွဲ့အား အထင်လွဲအောင် ပြုလုပ်ခြင်းဖြစ်ကြောင်းစသည်ဖြင့် ဘူးသီးတောင်တွင် ဘင်္ဂါလီ နေအိမ်များအား AA အဖွဲ့က မီးရှို့ခဲ့သည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ငြင်းဆိုကာ BBC သတင်းဌာနကို မေလ ၁၈ ရက် ဖြေကြားထားသည်ကိုတွေ့ရသည်။

လက်ရှိတွင် ဘူးသီးတောင်ရှိ တပ်မတော်တပ်ရင်းများကို AA အဖွဲ့က တိုက်ခိုက် ရယူခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ထံတွင် ခိုလှုံနေသည့် ဘင်္ဂါလီ အရပ်သား ငါးသောင်းခန့်ရှိကြောင်း၊ ဘင်္ဂါလီ အရပ်သားများကို ကူညီစောင့်ရှောက်မည်ဖြစ်သော်လည်း တပ်မတော်နှင့်ပူးပေါင်းသည့် ဘင်္ဂါလီ များကို တိုက်ခိုက်မည့် ကိစ္စရပ်များကိုလည်း ခိုင်သုခက BBC သတင်းဌာနကို ဖြေကြားထားသည်ကိုတွေ့ရသည်။

AA အဖွဲ့တွင် ဘင်္ဂါလီ များသည် အရပ်ဘက်အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့၌ ဝင်ရောက်တာဝန်ထမ်းဆောင်မှုရှိကြောင်းလည်း ခိုင်သုခကပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ယူနီဖောင်းအစိမ်းရောင်များဝတ်ဆင်ပြီး နေအိမ်များကို မီးရှို့ကာ အောင်ပွဲခံသည့်ပုံစံပြုလုပ်နေသည့် ဘင်္ဂါလီ အချို့အား ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်လာပြီး အဆိုပါရုပ်သံဖိုင်တွင် ပါဝင်သည့် ဘင်္ဂါလီ များသည် တပ်မတော်နှင့်ပူးပေါင်းနေသည့် ဘင်္ဂါလီ များဟုလည်းကောင်း၊ တပ်မတော်အပေါ်   အများက အထင်အမြင်လွဲအောင် AA အဖွဲ့က ဖန်တီးခဲ့သည်ရုပ်သံဟုလည်းကောင်း အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သည်။

ဘူးသီးတောင်မြို့ တိုက်ပွဲများ အတွင်း ဘဂ်ါလီအရပ်သားသေဆုံးမှုများ ရှိကြောင်းသိရသည်။

AAအဖွဲ့၏ လုပ်ရပ်များကို ဆန့်ကျင်သည်ဟုဆိုကာ  စစ်တေမြို့နှင့် ဘူးသီးတောင်မြို့များတွင် ဘင်္ဂါလီ များက ဆန္ဒပြမှုများရှိခဲ့သည်။

Most Read

Most Recent