မြန်မာနှင့် အီရန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တီဟီရန်မြို့တွင် တွေ့ဆုံဆွေးနွေး 

မြန်မာနှင့် အီရန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တီဟီရန်မြို့တွင် တွေ့ဆုံဆွေးနွေး 
Published 24 June 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အာရှပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ) လက်ရှိဥက္ကဋ္ဌနှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီတို့သည် ဇွန်လ ၂၃ ရက် ဒေသစံတော်ချိန် ၁၀ နာရီတွင် တီဟီရန်မြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

(၁၉)ကြိမ်မြောက် အာရှပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် တီဟီရန်မြို့သို့ ရောက်ရှိ နေခြင်းဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

(၁၉)ကြိမ်မြောက် အေစီဒီနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ အေစီဒီအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇွန် ၂၃ ရက်က တီဟီရန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသန်းထွေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ)အဖွဲ့ဝင်နိုင်ငံများ၏ (၁၉)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန်အတွက် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ သွား ရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent