ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ဇွန်လကုန် အပြီးရှင်းလင်းမည်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ဇွန်လကုန် အပြီးရှင်းလင်းမည်
Published 9 June 2026

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန် အပြီးရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ စနစ်တကျရှိစေရေးနှင့် အမြင်မတင့်တယ်သော ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်း၊ မြေအောက်သို့ ချခင်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၁) နှင့် (၂)၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထို့ပြင် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၁)၊ ဆက်သွယ်ရေးအော်ပရေတာကြီး (၄) ခု၊ Eager ကုမ္ပဏီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော (ISP) ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းကို အမြန်ဆုံးနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသူများက ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တင်ပြချက်များနှင့်ပတ်သက်၍ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းကို ယခု ဇွန်လကုန်တွင် အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားရန် ညွှန်ကြားပြီး အစည်းအဝေးကို ညနေ (၄) နာရီခွဲတွင် ရုပ်သိမ်းသည်။

Most Read

Most Recent