ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄- ၂၀၂၅ AFC Challenge League ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ သြဂုတ် ၂၂ ရက် ပြုလုပ်မည်

ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄- ၂၀၂၅ AFC Challenge League ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ သြဂုတ် ၂၂ ရက် ပြုလုပ်မည်
Photo: Asean Football News
Photo: Asean Football News
Published 24 June 2024

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၄-၂၀၂၅ AFC Challenge League ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို လာမည့်သြဂုတ် ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် MNL ကလပ် ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် AFC Challenge League ပြိုင်ပွဲကို အာရှဒေသတွင်းရှိ တတိယအဆင့် အာရှကလပ်အသင်းပြိုင်ပွဲအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ AFC Challenge League ပြိုင်ပွဲကို အာရှကလပ်အသင်း အဆင့်သတ်မှတ်ချက်(AFC Club Competitions Ranking) အပေါ်မူတည်၍ အသင်း ၂၀ ဖြင့် ကျင်းပမည်ဖြစ်သည်။

ယင်းအသင်း ၂၀ ကို အရှေ့အာရှဇုန် ၆ သင်းနှင့် အနောက်အာရှဇုန် ၁၄ သင်းဟူ၍ ခွဲခြားကာ ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ AFC Challenge League ပြိုင်ပွဲ အရှေ့အာရှဇုန် ၆ သင်းတွင် ရှမ်းယူနိုက်တက်(မြန်မာ)၊ မာဒူရာယူနိုက်တက်(အင်ဒိုနီးရှား)၊ PKR(ကမ္ဘောဒီးယား)၊ တိုင်နန်စီးတီး (တရုတ်တိုင်ပေ)၊ Young Elephants (လာအို)၊ SP ဖယ်ကွန်(မွန်ဂိုလီးယား) အသင်းတို့ ပါဝင်နေကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် အရှေ့အာရှဇုန်တွင် ပါဝင်နေသည့် အသင်း  ၆ သင်းကို သုံးသင်း နှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

အနောက်အာရှဇုန် ၁၄ သင်းတွင် ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ နီပေါနိုင်ငံများမှ အသင်းလေးသင်းကို ခြေစစ်ပွဲကစားစေမည်ဖြစ်ပြီး နှစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရ အသင်း ၁၀ သင်းမှာ ကူဝိတ်၊ တာ့ခ်မင်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အိုမန်၊ မော်လ်ဒိုက်၊ ပါလက်စတိုင်းနှင့် AFC Champions League Two ခြေစစ်ပွဲမှ ရှုံးနိမ့်မည့် အသင်းနှစ်သင်း တို့ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် အနောက်အာရှဇုန် အုပ်စုအဆင့်တွင် ပါဝင်မည့် အသင်း ၁၂ သင်းကို လေးသင်း သုံးအုပ်စုခွဲကာ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်များတွင် ပါဝင်သည့် အုပ်စုငါးခုကို တစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ယင်းအုပ်စု ငါးခုတွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ အသင်းငါးသင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရ အသင်းသုံးသင်း၊ ပေါင်း ရှစ်သင်းကို ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ တစ်ကျော့သာ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် AFC Challenge League ပြိုင်ပွဲကို ယခင်ကျင်းပခဲ့ဖူးသည့် AFC President's Cup ပြိုင်ပွဲနေရာတွင် အစားထိုးကျင်းပခြင်းဖြစ်သည်။        

 

Most Read

Most Recent