မိုးကုတ်မြို့ ကျပ်ပြင် ရဲစခန်းအနီး တိုက်ပွဲများ ဖြစ်ပွားနေ

မိုးကုတ်မြို့ ကျပ်ပြင် ရဲစခန်းအနီး တိုက်ပွဲများ ဖြစ်ပွားနေ
Published 27 June 2024

မန္တလေးတိုင်း  ဒေသကြီး မိုးကုတ်မြို့ ကျပ်ပြင် ရဲစခန်းအနီး တွင် ဇွန်လ ၂၇ ရက် (ယနေ့) တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

 TNLA နှင့် PDF ပူးပေါင်း အဖွဲ့များသည်  မိုးကုတ်မြို့သို့ ဝင်ရောက်တိုက်ခိုက်ရာတွင် မိုးကုတ်မြို့ အနောက်ခြမ်းသို့ ဝင်ရောက်နေရာယူထားပြီး ကျပ်ပြင် ရဲစခန်းကို ရရှိရေး အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ကျပ်ပြင် ရဲစခန်း အနီးတွင် နေအိမ်အချို့ မီးလောင်နေသည်ဟုလည်း ဒေသခံ အချို့က ပြောကြားသည်။

ဇွန်လ ၂၇ ရက်တွင် မိုးကုတ်မြို့အပြင် သီပေါမြို့နယ်ရှိ လုံခြုံရေး စခန်းအချို့ကိုလည်း TNLA က ဝင်ရောက် တိုက်ခိုက်မှုများရှိကြောင်း သိရသည်။

TNLA နှင့် PDF ပူးပေါင်း အဖွဲ့များက ဇွန်လ ၂၅ ရက် မှ စတင်၍ မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်၊  မတ္တရာမြို့နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း   နောင်ချိုမြို့နယ်  နှင့် ကျောက်မဲ မြို့နယ် တို့ရှိ လုံခြုံရေး စခန်း များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ကာ ပစ်ခတ်မှုများအတွင်း အရပ်သားသေဆုံးမှုများ လည်း ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း   TNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် နောင်ချိုမြို့နှင့် ကျောက်မဲ မြို့ နေရာ အချို့တွင် ဝင်ရောက် နေရာယူထားမှုများ ရှိကြောင်း လူမှုကွန်ရက်တွင် ဒေသခံများ၏ ရေးသား ချက်များအရ သိရသည်။

 

 

Most Read

Most Recent