မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး မြိတ်မြို့တွင် ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး မြိတ်မြို့တွင် ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 29 June 2024

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၆)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက်က မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak တို့က အမှာစကား အသီးသီးပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန် မိတ်ဆက်ကြကြောင်း သိရသည်။

(၃၆) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာကော်မတီ အစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွန် ၂၈ ရက် ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ကြသည့် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များအား ပုလဲသန္တာဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၂၉ ရက်တွင် ပုလဲသန္တာဟိုတယ်၌ ဆက်လက်ကျင်းပရာ နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၆)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး သဘော တူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြကာ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံ အထိမ်းအမှတ် တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြပြီး ကော်မတီအဖွဲ့ဝင်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ၍ ကော်မတီအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(၃၆)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် ထိုင်းကိုယ်စားလှယ်အဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မြိတ်မြို့ရှိ တန်ခိုး ကြီးဘုရားစေတီများအား သွားရောက်ဖူးမြော်ခြင်း၊ အခြားအထင်ကရ နေရာများအား သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent