၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ အသင်း ဇူလိုင် ၃ ရက်တွင် MNL ကလပ် ဒဂုံပေါ့ပ်အသင်းနှင့် ကွင်းပိတ်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ အသင်း ဇူလိုင် ၃ ရက်တွင် MNL ကလပ် ဒဂုံပေါ့ပ်အသင်းနှင့် ကွင်းပိတ်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်
Photo: MFF
Photo: MFF
Published 1 July 2024

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ အသင်းသည် ဇူလိုင် ၃ ရက်တွင် MNL ကလပ် ဒဂုံပေါ့ပ်အသင်းနှင့် ကွင်းပိတ်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ ယူ-၁၉ အသင်းကို ပဏာမကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်နေလျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မတိုင်မီ ပြည်ပအသင်းများနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားတော့မည်မဟုတ်ဘဲ ပြည်တွင်းကလပ်အသင်းများဖြင့်သာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေလျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်သည်  ဇူလိုင် ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဒဂုံပေါ့ပ်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၃ ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့်ရက်များအတွင်းက ပြည်တွင်းခြေစမ်းပွဲများအဖြစ် MNL ကလပ်အသင်းများနှင့် ခြေစမ်းပွဲ ၃ ပွဲကစားထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့်ဇွန် ၁၅ ရက်က ဒဂုံစတားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၄-၂) ဂိုး၊ ဇွန် ၂၀ ရက်က  ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၃-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ဇွန် ၂၉ ရက်က ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ အင်ဒိုနီးရှားနိုင်ငံသို့ ရက်အနည်းငယ် ကြိုတင်သွားရောက်ဖွယ်ရှိနေသည်။

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့တွင် လာမည့်ဇူလိုင် ၁၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းကို ၄ သင်း ၃ အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ အသင်း ၃ သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရအသင်း ပေါင်း ၄ သင်းမှာ ဆီမီးဖိုင်နယ်သို့တက်ရောက်ခွင့်ရမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည်   ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင်  အုပ်စု(B) ၌ သြစတြေးလျ၊ ဗီယက်နမ်၊ လာအိုအသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေလျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် (၁၈) ရက်တွင် ဗီယက်နမ်အသင်း၊ ဇူလိုင် (၂၁) ရက်တွင် လာအိုအသင်း၊ ဇူလိုင် (၂၄) ရက်တွင် သြစတြေးလျအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် လာမည့်စက်တင်ဘာအတွင်း ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent