ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းသည် မေ ၂၄ ရက်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ဟု ကမ္ဘာ့မိုးလေဝသဌာနများ ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းသည် မေ ၂၄ ရက်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ဟု ကမ္ဘာ့မိုးလေဝသဌာနများ ထုတ်ပြန်
Published 23 May 2024

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း ယနေ့(မေ ၂၄ ရက်) တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသဌာနများက ထုတ်ပြန်ထားသည်။

ကမ္ဘာ့မိုးလေဝသဌာနများ၏ ထုတ်ပြန်ထားချက်များကို ကိုးကားပြီး မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက လေဖိအားနည်းရပ်ဝန်း၏ အခြေအနေများကို ပုံမှန်ထုတ်ပြန်လျက်ရှိသည်ကို တွေ့ရသည်။

DMH-WRF Model ၏ မေ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတိုင်းထွာချက်များအရ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မေ ၂၄ရက်၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ယင်းနောက် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၅ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ မေ ၂၆ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရသည်ဟု ဆက်လက်ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ မေ ၂၂ ရက် ခန့်မှန်းချက်များအရ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မေ ၂၄ ရက်၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းနောက် မြောက်ဘက်သို့ ရွေ့လျား ပိုမိုအားကောင်းလာနိုင်ပြီး မေ ၂၅ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ကာ၊ အနောက်မြောက်ဘက်သို့ပြန်ကွေ့ပြီး မေ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ မေ ၂၂ ရက် ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၅ ရက်၌ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ပြန်ကွေ့ကာ မေ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) Data ၏ မေ ၂၂ ရက် ခန့်မှန်းချက်များအရ လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမို အားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မေ ၂၄ ရက်၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းနောက် အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ မေ ၂၅ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။

Most Read

Most Recent