ရွှေဆိုင်သုံးဆိုင်က သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရွှေများ ရောင်းချပေးလျက်ရှိကြောင်း YGEA ထုတ်ပြန်

ရွှေဆိုင်သုံးဆိုင်က သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရွှေများ ရောင်းချပေးလျက်ရှိကြောင်း YGEA ထုတ်ပြန်
Published 14 June 2024

ရွှေဆိုင်သုံးဆိုင်က သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရွှေများကို ရောင်းချပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ထုတ်ပြန်သည်။

အဆိုပါရွှေဆိုင်များမှာ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်တို့ဖြစ်ကြောင်း YGEA က ဆိုသည်။

YGEA က ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် ရွှေဝယ်ယူရန် လူများတန်းစီစောင့်ဆိုင်းနေသည်ကိုလည်း တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇွန်လတွင် ထုတ်ပြန်ထားချက်အရ ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသော ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ၂၁ ဦး၏ ထွက်ဆိုချက်များအရ ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ၁၀ ဦးမှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုး‌ရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦး အောင်ဆန်းဝင်း၊ လမ်းမတော်မြို့နယ်ရှိ ၀ိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်း‌ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲစား ဦးကျော်ဝင်း (ခ) ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစား ဦးညီညီဦး (ခ) ချက်ကြီး၊ လမ်းမ‌တော်မြို့နယ်မှ ပွဲစား ဒေါ်တင်တင် (ခ) စန္ဒာတင်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent