စက်မှုလုပ်ငန်းသုံးများအတွက် စားအုံးဆီတန်ချိန် လေးသောင်းကျော်ရှိနေပြီး ကြည့်မြင်တိုင်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တန်ချိန် ငါးထောင်ကျော် ထပ်မံရောက်ရှိ

စက်မှုလုပ်ငန်းသုံးများအတွက် စားအုံးဆီတန်ချိန် လေးသောင်းကျော်ရှိနေပြီး ကြည့်မြင်တိုင်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တန်ချိန် ငါးထောင်ကျော် ထပ်မံရောက်ရှိ
Published 21 June 2024

စက်မှုလုပ်ငန်းသုံးများအတွက် စားသုံးဆီတန်ချိန် လေးသောင်းကျော်ရှိနေပြီး ကြည့်မြင်တိုင်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တန်ချိန် ငါးထောင်ကျော် ထပ်မံရောက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

ဇွန် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“စက်မှုလုပ်ငန်းသုံးအတွက်ကတော့ မနေ့(ဇွန်၂၀ ရက်) ကပဲ တန်ချိန် ငါးထောင့်သုံးရာ ရောက်ရှိခဲ့ပါတယ်။ ဒီနေ့(ဇွန် ၂၁ ရက်) ပြည်နယ်နှင့် တိုင်းအသီးသီးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားလာတဲ့ စက်မှုလုပ်ငန်းတွေကို ဖြန့်ဖြူးရောင်းချနေပါတယ်” ဟု ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းရှိ Star Cooking Oil ကုမ္ပဏီ၏ ဆီလှောင်ကန်သို့  အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ ရောက်ရှိလာခဲ့ပြီး Bauhinia သင်္ဘောဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

Star Cooking Oil ကုမ္ပဏီအနေဖြင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို အဓိကတင်သွင်းနေခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ အဓိကတင်သွင်းခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ Head of External Relation ဖြစ်သူ ဦးအောင်သူက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းမှာ မက်ထရစ်တန် သုံးထောင်ဆံ့တဲ့ ဆီသိုလှောင်ကန် လေးကန်ရှိပါတယ်။ ကန်ထဲကို သင်္ဘောကနေ တိုက်ရိုက်မောင်းထည့်ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးပြီးတာနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ရောင်းချရမယ့် စက်မှုလုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ ကျန်တဲ့သက်ဆိုင်ရာ လုပ်ငန်းတွေပေါ့။ အဲ့ဒါတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားမှုနဲ့ ရောင်းချပေးပါတယ်” ဟု အဆိုပါကုမ္ပဏီမှ ဦးအောင်သူက ပြောကြားသည်။

စက်မှုလုပ်ငန်းသုံးဆီများကို လစဉ်တန်ချိန်တစ်သောင်းကျော်တင်သွင်းပြီး ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ဖြန့်ဖြူးရာတွင် စက်မှုလုပ်ငန်းသုံးဆီများအတွက် ရောင်းချရာတွင် အုပ်စုလေးစုခွဲ ခြားကာရောင်းချပေးနေသည်ဟု စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

“စက်မှုထုတ်ကုန်တွေအတွက်၊ နောက်တခုက စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်း၊ နောက်တခုက စားသောက်ဆိုင်လုပ်ငန်း၊ နောက်တခုက ဟိုတယ်ကြီးတွေ စတဲ့လုပ်ငန်းစုတွေအတွက် ဖြန့်ခွဲရောင်းချပေးနေတယ်” ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

ဇွန် ၂၀ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် စားအုန်းဆီတင်သင်္ဘောမှာ ဇွန် ၂၅ ရက်တွင် တန်ချိန် ငါးထောင်ကျော်တင်ဆောင်ကာ ရောက်ရှိလာမည်ဖြစ်သည်ဟု ဦးကျော်ကျော်လွင်က ဆက်လက်ပြောကြားသည်။

စားအုန်းဆီကို အများပြည်သူသုံး စားအုန်းဆီနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီဟု နှစ်မျိုးခွဲခြားကာ တင်သွင်းလျက်ရှိသည်။

အများပြည်သူသုံး စားအုန်းဆီကို တစ်လလျှင် တန်ချိန် လေးသောင်းကျော်တင်သွင်းရလျက်ရှိပြီး စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို တစ်လလျှင် တန်ချိန်တစ်သောင်းကျော် တင်သွင်းရလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တင်သွင်းသည့်နိုင်ငံများမှာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှဖြစ်ပြီး အများစုကို အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent