စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် တစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် နှစ်ပေကျော်ခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် တစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် နှစ်ပေကျော်ခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်
Published 10 September 2024

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် တစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် နှစ်ပေကျော်ခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေအထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း လေးလက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတတူ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေအထက်သို့ နှစ်ပေကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း နှစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မဒေါက်မြို့နယ်နှင့် မြဝတီမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ပါရန် မိုးဇလက သတိပေးထားကြောင်း သိရသည်။

စက်တင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း မြစ်ရေခန့်မှန်းချက်အနေဖြင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင် တစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် နှစ်ပေမှ လေးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် တစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် သုံးပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် နှစ်ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် သီပေါ၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် တစ်ပေခန့်စီနှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။

စက်တင်ဘာလအတွက် မြစ်ရေခန့်မှန်းချက်အနေဖြင့်လည်း ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent