အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ​​မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ​​မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
Published 26 July 2024

အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန် ကြီးများ၏ အစည်းအဝေးကို လာအိုနိုင်ငံ၌ ဗီယန်ကျင်းမြို့တွင် ဇူလိုင် ၂၅ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။

အဆိုပါအစည်းအဝေးသည် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ဦးဆောင်သည့် ​ မြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင် တက်ရောက်နေကြောင်းသိရသည်။

 အဆိုပါ (၅၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူး ချုပ်တို့တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ်ပါဝင် တက်ရောက်ခဲကြောင်း သိရသည်။

အာဆီယံအစည်းအဝေးများတွင်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှ ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကိစ္စ၊ အာဆီယံ အသိုက်အဝန်း ၂၀၄၅ မျှော်မှန်းချက် ရေးဆွဲလျက်ရှိသည့်ကိစ္စ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သို့ ဝင်ရောက်လက်မှတ်ရေးထိုးရန် လျှောက်ထားသည့်နိုင်ငံများကိစ္စ၊  (၄၄)ကြိမ်နှင့် (၄၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပပြုလုပ်မည့်ကိစ္စ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်ရေးကိစ္စနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ထောင်ရေး လုပ်ငန်းစဉ်များ တွင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာနိုင်ငံတော်အစိုးရ၏  ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ (၅)ရပ်နှင့် ချိတ်ဆက်၍ အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ထည့်သွင်းပြောကြားသည်။

အာဆီယံအစည်းအဝေးများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း  ကိုယ်စားလှယ်၊ လာအိုပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိအရာထမ်းများ တက်ရောက်နေကြောင်း သိရသည်။

နစကသည် အာဆီဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်မဖော်နိုင်ဟုဆိုကာ  အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပွဲများသို့  တက်ရောက်ခွင့်ကန့်သတ်ထားပြီး နိုင်ငံရေးနှင့် မသက်ဆိုင်သူများကိုသာ တက်ရောက်ခွင့်ပြုသဖြင့်  မြန်မာဘက်ကလည်း  အာဆီယံနိုင်ငံခြားရေးဝန်ကြီး အဆင့်အစည်းအဝေးပွဲအား မည်သည့်ကိုယ်စားလှယ်မျှ စေလွှတ်ခဲ့ခြင်းမရှိပေ။

သို့ရာတွင် လာအိုနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှစတင်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သည့် ဒေါ်မာလာသန်းထိုက် တက်ရောက်ကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများတွင် ပါဝင်တက်ရောက်လာခြင်းဖြစ်သည်။

လက်ရှိ အစည်းအဝေးတွင် အငြင်းပွားစရာ ဖြစ်နေသော တောင်တရုတ်ပင်လယ်နှင့် မြန်မာ့အရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြသည်။

ထို့ပြင် တရုတ်နှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည်လည်း ဘေးဆွယ်အစည်းအဝေးပွဲများတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံဝန်ကြီးများသည် ဇူလိုင် ၂၅ ရက် အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက်ကို ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

ဗီယန်ကျင်းအစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်းအရာများထဲတွင် မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဟုသိရသည်။ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံပါဝင်သော အာဆီယံသည် မြန်မာ့အရေးကို သံတမန် ရေးကြိုးပမ်းမှုများဖြင့် ဦးဆောင်ဖြေရှင်းခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရရှိခဲ့သည်။

အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ထားသည့် ပူးတွဲထုတ်ပြန်ချက် အကြမ်းတွင် အာဆီယံဝန်ကြီးများက မြန်မာနိုင်ငံ၌ အဆက်မပြတ်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ပြင်းထန်စွာ ရှုတ်ချသည်ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။

မြန်မာ့အရေးသည် အာဆီယံအဖွဲ့ကို နှစ်ဖွဲ့ကွဲစေခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံကို ပြင်းပြင်းထန် ထန် အရေးယူရန် တောင်းဆိုထားကြသည်။

ထိုင်းနိုင်ငံကမူ နစကတာဝန်ရှိသူများ နှင့်သာမက ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံသည် ယင်းဆွေးနွေးမှုများကို မိမိသဘောဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အပြန်အလှန်ဆွေးနွေးမှုများ ဖြစ်သည်ဟု ဆိုသည်။

(၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသည် အာဆီယံ၏ အကျိုးစီးပွား တည်ဆောက်ရေး ကြိုးပမ်းမှုများကို လေ့လာဆန်းစစ်မည်ဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေသော ပထဝီဝင်နိုင် ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအကြား အာဆီယံဗဟိုပြုမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ထပ်လောင်း အတည်ပြုမည်ဖြစ်သည်။

အာဆီယံသည် ဝန်ကြီးအဆင့်လွန် ဆွေးနွေးပွဲများ (PMCs) တွင် ဆွေးနွေးဘက် မိတ်ဖက်များဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ဂျပန်၊ ဗြိတိန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆွေးနွေးမည်ဖြစ်သည်။

Most Read

Most Recent