ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြမှုများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ပေး

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြမှုများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ပေး
ဒါကာမြို့တော်ရှိ တရားရုံးချုပ်အပြင်ဘက်တွင် ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံရသူများနှင့် သေဆုံးသူများအတွက် တရားမျှတစွာစီီရင်ရန် ဆန္ဒပြနေသူများကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(Photo:AFP)
ဒါကာမြို့တော်ရှိ တရားရုံးချုပ်အပြင်ဘက်တွင် ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံရသူများနှင့် သေဆုံးသူများအတွက် တရားမျှတစွာစီီရင်ရန် ဆန္ဒပြနေသူများကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(Photo:AFP)
Published 2 August 2024

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်ခွဲတမ်းချမှုကို ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ခြောက်ဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

အစိုးရသည် တင်းမာမှုများကို လျှော့ချရန်နှင့် ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန်အတွက် ကြိုးပမ်းနေချိန်တွင် ဖမ်းဆီးထားသည့့် ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားများအဖွဲ့သည် ပြီးခဲ့သည့်လက ရဲတပ်ဖွဲ့နှင့်ခိုက်ရန် ဖြစ်ပွားမှုများရှိခဲ့ပြီး လူ ၂၀၆ ဦး ထက်မနည်းသေဆုံးခဲ့သည့် ဆန္ဒပြမှုကို ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

ထိုကျောင်းသားအဖွဲ့ ဦးဆောင်သည့် ဆန္ဒပြမှုသည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ၁၅ နှစ်သက်တမ်းအတွင်း အဆိုးရွားဆုံး ဆူပူအုံကြွမှုများထဲတွင် ပါဝင်ခဲ့ပြီး လူပေါင်းသောင်းချီ ဖမ်းဆီးခံခဲ့ရသည်။

“အစိုးရအလုပ်အကိုင်ခွဲတမ်းချမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုရဲ့ ညှိနှိုင်းရေးမှူး  ခြောက်ဦးစလုံးဟာ ဒီနေ့မွန်းလွဲပိုင်းမှာ သူတို့ရဲ့မိသားစုတွေဆီကို ပြန်သွားခဲ့ပါပြီ”ဟု ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဂျူနက် အလမ်ဆာကာက ပြောကြားခဲ့သည်။

ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် နာဟစ်အစ္စလမ်နှင့် အခြားကျောင်းသား ခေါင်းဆောင်နှစ်ဦးသည် ဇူလိုင် ၂၆ ရက်က ဒါကာမြို့တော်ရှိ ဆေးရုံတွင် အရပ်ဝတ်ရဲစုံထောက်များ၏ အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်သွားမှုကို ခံခဲ့ရသည်။

သြဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင်မူ အစ္စလမ်သည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဖခင်ဖြစ်သူ ဘာဒရူလ်အစ္စလမ်က အတည်ပြုခဲ့သော်လည်း အသေးစိတ်ပြော ကြားခဲ့ခြင်းမရှိပေ။

အစ္စလာမ်ဖမ်းဆီးခံရပြီး နောက်ပိုင်းရက်များတွင် ကျောင်းသားခေါင်းဆောင် ၃ ဦး ထပ်မံဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသားခေါင်းဆောင်များကို ၎င်းတို့၏ လုံခြုံရေးအတွက် ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ပြီး ထိုကျောင်းသားခြောက်ဦးစလုံးသည် ၎င်းတို့ သဘောဆန္ဒအလျှောက် ရဲတပ်ဖွဲ့၏ အချုပ်ခန်းထဲတွင် နေထိုင်ခဲ့ကြောင်း တရားရေးဝန်ကြီး အနီဆူလ်ဟက်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“သူတို့က ဒီကို လိုလိုလားလားရောက် လာခဲ့ကြတာပါ။ သူတို့ သွားချင်တယ်လို့ ပြောချိန်မှာ သူတို့ကို သူတို့မိဘတွေဆီ ပြန်ခွင့်ပေးခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများကြောင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းရန် ဟာစီနာ၏ အစိုးရအဖွဲ့သည် စစ်သားများဖြန့်ကြက်ချထားခြင်း၊ ကာဖျူးမိန့်ထုတ်ပြန်ခြင်း၊ လူဦးရေ သန်း ၁၇၀ ရှိ သည့် နိုင်ငံအတွင်း မိုဘိုင်းအင်တာနက်လိုင်းများကို ၁၁ ရက်ကြာ ဖြတ်တောက်ထားခြင်းတို့ ပြုလုပ်ခဲ့သည်။

ထိုဆန္ဒပြမှုနှင့်ပတ်သက်ပြီး လူပေါင်း ၁၀၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ လစာကောင်းသည့် အစိုးရဝန်ထမ်း နေရာစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည့် သောင်းနှင့်ချီသည့် ဝန်ထမ်းနေရာများကို ၁၉၇၁ ခုနှစ်က ပါကစ္စတန်နှင့်ဖြစ်ပွားသည့် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲအတွင်းမှ စစ်မှုထမ်းဟောင်းများ၏ ကလေးများပါဝင်သည့် အထူးအုပ်စုအတွက် လျာထားခြင်းဖြစ်ကာ ထိုစနစ်ကို ဖျက်သိမ်းပေးရန် ကျောင်းသား များက တောင်းဆိုခဲ့သည်။

ထို့နောက် တရားရုံးချုပ်က အလုပ်အကိုင်ခွဲတမ်းစနစ်တွင် အစိုးရ၏အလုပ်အကိုင်များ ခွဲတမ်းချမှု အရေအတွက်ကို လျှော့ချခဲ့သဖြင့် ဆန္ဒပြမှုများ ရပ်တန့်ခဲ့သည်။

Ref:AFP

                                               

Most Read

Most Recent