မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်

မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်
Published 2 August 2024

ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးဘူတာကြီးအတွင်း ရေဝင်ရောက်နေသည့်အတွက်ကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်ကာ ယာယီရပ်နားထားသည့်မော်လမြိုင် - ရန်ကုန်ရထားခရီးစဉ်များအား ဩဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးရှိ တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့အပါအဝင် ပဲခူးမြို့နယ်အတွင်းရှိ ဒေသအတော်များများ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ၊ ပဲခူးဘူတာဝင်းအတွင်းတွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားကာ ရထားလမ်းများပေါ်ရေကျော်နေသည့်အတွက်ကြောင့် ရန်ကုန် - မော်လမြိုင် ရထားခရီးစဉ်များအပြင် ရန်ကုန် - မန္တလေး ရထားခရီးစဉ်များလည်း ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။

“ပဲခူးမှာ ရေတွေပြန်ကျသွားလို့ မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်တွေကို မနက်ဖြန် ဩဂုတ်လ ၃ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ရထားခရီးစဉ်လက်မှတ်တွေကို ဒီနေ့ ဩဂုတ်လ၂ ရက်နေ့ မနက်ပိုင်းကစပြီး ရောင်းချပေးနေပါတယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် အမှတ်(၈၂)အစုန် လေအိတ်ရထားမှာ မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်ဘူတာကြီးသို့လည်းကောင်း၊ အမှတ် (၈၁) အဆန် ရထားမှာ ရန်ကုန်ဘူတာကြီးမှ မော်လမြိုင်ဘူတာကြီးသို့လည်းကြောင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များတွင် ရထားလက်မှတ်များအား မော်လမြိုင်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံတွင် နံနက်(၇)နာရီမှ မွန်းလွဲ(၃)နာရီအချိန်အထိ ရောင်းချပေးနေကြောင်းနှင့် အထက်တန်းလက်မှတ်များအား နှစ်ရက်ကြိုတင်လက်မှတ်၊ သုံးရက်ကြိုတင်လက်မှတ် စသည်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

 

Most Read

Most Recent