သရက်ချောင်းမြို့နယ် ဆိတ်ချောင်းကျေးရွာရှိ မူလတန်းကျောင်းမှ ကျောင်းဆရာမ ငါးဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထား

သရက်ချောင်းမြို့နယ် ဆိတ်ချောင်းကျေးရွာရှိ မူလတန်းကျောင်းမှ ကျောင်းဆရာမ ငါးဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထား
Published 6 July 2024

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ဆိတ်ချောင်းကျေးရွာရှိ မူလတန်းကျောင်းတွင် ပညာသင်ကြားပေးနေကြသည့် ကျောင်းဆရာမငါးဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန် ၂၆ ရက်က ဖမ်း ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောင်းဆရာမငါးဦးအား ဂဠုန်မင်း ပြောက်ကျားအဖွဲ့ဆိုသည့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နှင့် ဇူလိုင် ၄ ရက်အထိ ကျောင်းဆရာမများ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဂဠုန်မင်းပြောက် ကျားတပ်ဖွဲ့က ဖမ်းသွားတဲ့ ကျောင်းဆရာမ ငါးဦးကို ဘယ်ကိုခေါ်သွားလဲ မသိရသေးဘူး။ ဆရာမတစ်ယောက်က ကိုယ်ဝန် ခုနစ်လရှိနေတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

ထိုအခြေအနေကြောင့်  ဆိတ်ကျောင်းကျေးရွာရှိ မူလတန်းကျောင်းအား ပိတ်ထားရသည့်အပြင် ကျောင်းနေအရွယ်ကလေးများ စာသင်ကြားရခြင်းမရှိကြောင်းလည်း အဆိုပါ ဒေသခံက ပြောကြားသည်။

အဆိုပါ ကျောင်းဆရာမငါးဦးအား ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း ယင်းအဖွဲ့ပြန်ကြားရေးတာဝန်ခံဆိုသူက ဒေသတွင်း သတင်းမီဒီယာထံ ပြောကြားထားချက်များအရ သိရသည်။

“ကျောင်းဆရာမငါးဦးကို ထိန်းသိမ်း ထားရတဲ့အကြောင်းရင်းက သူတို့က CDM မဝင်ဘူး။ Non-CDM တွေပါ့။ သတိပေးထားတဲ့ကြားထဲကနေ နစကနဲ့ ပူးပေါင်းပြီးတော့ သူတို့က စာခိုးသင်နေကြတယ်။  အဲ့ဒါကြောင့် ထိန်းသိမ်းထားတာလောက်ပါပဲ” ဟု ၎င်းပြန်ကြားရေးတာဝန်ခံဆိုသူက ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း သရက်ချောင်းမြို့နယ် ကတွဲရွာရှိ Non CDM ကျောင်းဆရာမတစ်ဦးအား ဂဠုန်မင်းပြောက် ကျားတပ်ဖွဲ့က စာသင်ကြားခြင်းမပြုလုပ်ရန် ဖိအားပေးပြီး ခံဝန် ထိုးခိုင်းခဲ့သေးကြောင်းနှင့် ယင်းဆရာမမှာ ခံဝန်လာထိုးရန်နောက်ကျ သည်ဟုဆိုကာ ခုနစ်လကျော်ကြာသည်အထိ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး ခံဝန်ကတိထိုးပြီးမှ ပြန်လွှတ်ပေးခဲ့ ကြောင်းလည်း ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့မှပြန်ကြားရေး တာဝန်ရှိသူက ပြောကြား ထားသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း နည်းပညာတက္ကသိုလ် (ထားဝယ်) မှ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးနှစ်ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗထူးတပ် မတော်မှ ဖမ်းဆီးသွားသည့်ဖြစ်စဥ ်ဖြစ်ပွားခဲ့ သေးကြောင်း သိရသည်။

ဘိုဘိုမြင့်