လူအများ ဝေဖန်နေသည့် မယ်နုအုတ်ကျောင်းကို မူလအတိုင်း မြေဝါသုတ်ထားခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးနေဟု ရှေး/သု ပြောကြား

လူအများ ဝေဖန်နေသည့် မယ်နုအုတ်ကျောင်းကို မူလအတိုင်း မြေဝါသုတ်ထားခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးနေဟု ရှေး/သု ပြောကြား
Published 2 August 2024

လူအများဝေဖန်နေသည့် မယ်နုအုတ်ကျောင်းကို မူလအတိုင်း မြေဝါသုတ်ထားခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးနေဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

“၁၉၂၀ ခုနှစ် ရှေးဟောင်းမှတ်တမ်းဓာတ်ပုံတွေမှာ မြေဝါအရောင်သုတ်ထားတဲ့ အနေအထားတွေ့တယ်။ သမိုင်းခေတ်အဆက်ဆက်မှာလည်း မယ်နုအုတ်ကျောင်းမှာလိုမျိုးတွေ ရိုးရာအစဉ်အလာအရ ကျောင်းတွေ၊ ဇရပ်ဘုန်းကြီးကျောင်းတွေမှာ သုတ်ခဲ့ကြတာရှိတယ်။ တချို့သစ်သားကျောင်းတွေဆို ရေနံချေး သုတ်ကြတာရှိတယ်။ ဒါက ရှေးမြန်မာရိုးရာနည်းတခုပါပဲ။ အခုဒီဘက်နှစ်တွေမှာ ၁၉၉၈၊ ၂၀၀၀ ဝန်းကျင်လောက်က နောက်ဆုံးအင်းဝမယ်နူအုတ်ကျောင်းကို ဆေးသုတ်ခဲ့တာတွေရှိတယ်။ ၂၀၁၃ လောက်မှာ နည်းနည်းပြန်ပြီး ကွက်တိကွက်ကြားပြန်ဆေးသုတ်ခဲ့တာတွေရှိခဲ့တယ်။ ဒီနောက်ပိုင်းပြန်ပြီးတော့ မြေဝါသုတ်ခြင်းလုပ်ငန်း မလုပ်နိုင်ခဲ့တာ ဆယ်စုနှစ် တခုလောက်ရှိခဲ့ပါတယ်။ မြေဝါသုတ်ခြင်းလုပ်ငန်း မလုပ်နိုင်ခဲ့ဘူး” ဟု ဒေါက်တာသန်းထိုက်က ပြောကြားသည်။

လုပ်ငန်းဆောင်ရွက်ခြင်းမပြုမီ ကွင်းဆင်းတိုင်းတာခြင်းများ၊ အက်ကွဲကြောင်းများ ဆွေးမြေ့အုတ်များကိုဖယ်ရှားခြင်းများ အစရှိသည်တို့ကို ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြေဝါသုတ်ခြင်းလုပ်ငန်းမှာ လက်ရှိတွင် ခုနစ်ဆယ်ရာခိုင်နှုန်းပြီးစီးနေပြီး အားလုံးပြီးစီးရန် ဆက်လက်လုပ်ဆောင်နေသည်ဟု ညွန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရာတွင် နည်းလမ်းတကျ ထိန်းသိမ်းရန် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ရှေးဟောင်းသမိုင်းပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

“ရှေးဟောင်းအဆောက်အဦးက ထိန်းသိမ်းရမှာပါ။ ထိန်းသိမ်းတဲ့ နည်းလမ်းမှန်ဖို့တော့ လိုတာပေါ့။ အခု ဖြစ်နေတာကနှစ်ခု။ ဖြစ်နေတာ ရှင်းရှင်းလေးပါ။ မူလကာလာနဲ့ အသုံးပြုတဲ့ပစ္စည်း ပြန်ပြီး သုံးသပ်ရမယ်။ အင်းဝခေတ်မှာ မယ်နုအုတ်ကျောင်းဆောက်ပြီး ဘယ်လိုအရောင်သုတ်ခဲ့တာဆိုတာ ကျောက်စာမှာ ပါသလား။ ကျောက်စာမှာ မပါဘူး၊ ဘယ်လိုအရောင်သုတ်ခဲ့တာမပါဘူး။ မူလအရောင်သိချင်ရင် HIA လုပ်ရမယ်။ လုပ်ပြီးရင် ဘာအရောင်သုံးတာလဲ ဆန်းစစ်ရပြီး အဲဒီအတိုင်းပြန်လုပ်ရင် မူလပုံစံအတိုင်းရမယ်။ အဲဒီလို ဆန်းစစ်လိုက်လို့ အခုသုတ်နေတဲ့ ပုံစံဖြစ်ချင်ဖြစ်မယ်။ အချုပ်ပြောရရင် မူလအော်ရီဂျင်နယ်ကာလာ အော်ရီဂျင်နယ်ပစ္စည်း သက်သေပြနိုင်ရင် ဆောင်ရွက်ခဲ့သူက မှန်ပါတယ်။ သက်သေမပြနိုင်ဘဲ ဟိုအရင်တုန်းကလည်း အခုလို သုတ်ခဲ့တာဆိုရင်တော့ မှားတာပေါ့” ဟု ရှေးဟောင်းသမိုင်းပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

သြဂုတ် ၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ မယ်နုအုတ်ကျောင်းအား ဆေးသုတ်ထားသည့် ဓာတ်ပုံများ ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မယ်နုအုတ်ကျောင်းဟု လူအများက ခေါ်ဆိုကြသည့် မဟာအောင်မြေဘုံစံအုတ်ကျောင်း‌တော်ကြီးအား ခရစ်နှစ် ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုက ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆောက်လုပ်မှုမှာ ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး ပထမကျောင်းထိုင် ဆရာတော်မှာ ညောင်ကန်ဆရာတော်ဦးပို ဖြစ်ပြီး ဒုတိယကျောင်း ထိုင်ဆရာတော်မှာ ဦးဗုဓ်ဖြစ်သည်။

၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် အုတ်ကျောင်းတော်မှာ ပြိုကျခဲ့ရာ နန်းမတော်မယ်နု၏ သမီးတော်၊ မင်းတုန်းမင်း၏မိဖုရား ဆင်ဖြူမရှင်မိဖုရားက ၁၈၇၆ ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့သည်။

အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ အမြင့် ၉၄ ပေရှိသည့် အုတ်ကျောင်းတော်မှာ အေဒီ ၁၉ ရာစု ကုန်း‌ဘောင်ခေတ်လက်ရာများကြောင့် နှစ်စဉ်လာရောက်လည်ပတ်ကြည့်ရှုသည့် ပြည်တွင်း ပြည်ပခရီးသည် များပြားခဲ့သည်။

Most Read

Most Recent