လားရှိုးရှိ အမှတ်(၉) တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီး သွေးအေးအေးဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနှင့် ဒဏ်ရာရသူများအပါအဝင် တစ်ရာကျော် သေဆုံးဟု သိရ

လားရှိုးရှိ အမှတ်(၉) တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီး သွေးအေးအေးဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနှင့် ဒဏ်ရာရသူများအပါအဝင် တစ်ရာကျော် သေဆုံးဟု သိရ
Published 2 August 2024

လားရှိုးရှိ အမှတ်(၉) တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့်် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ပြီး သွေးအေးအေးဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနှင့် ဒဏ်ရာရသူများအပါအဝင် တစ်ရာကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း လတ်တလောသတင်းများအရ သိရသည်။

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)နှင့် ဆက်စပ်လျက်ရှိသော အမှတ်(၉) တပ်မတော်ကုတင် ၁၀၀ ဆေးရုံအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်မှုကို MNDAA နှင့် ပူးပေါင်းအဖွဲ့များက ရက်ရက်စက်စက် လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ဆေးရုံအတွင်း ကျန်ရှိသည့် ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနှင့် ဒဏ်ရာရသူများအပါအဝင် တစ်ရာကျော်ဝန်းကျင်ကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု အချို့ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ထို့အပြင် ဆေးရုံစီးနင်းခံရမှုဖြစ်စဉ်အတွင်း MNDAA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများလည်း ရှိနေကြောင်း သိရသည်။

“ကလေးလူနာတွေအပါ၊ ဆရာဝန်၊ သူနာပြုတွေပါ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိတယ်။ တချို့ဖမ်းခေါ်ခံရတယ်လို့ ကြားရတယ်။ မနေ့က ဆေးရုံကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတယ်။ MNDAA တွေ ဝင်စီးတဲ့အချိန်မှာ ကျန်နေတဲ့သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရတယ်။ စုစုပေါင်း တစ်ရာဝန်းကျင်လောက်ကို သူတို့က သွေးအေးအေးနဲ့ သတ်သွားကြတယ်။ ဒါတွေဟာ အခုမနက်ပိုင်းမှာ သိရတဲ့အခြေအနေတွေပဲ” ဟု လားရှိုးစစ်ပွဲအခြေအနေကို စောင့်ကြည့်သိရှိနေသည့် ဒေသခံတစ်ဦးက Eleven Media သို့ ပြောကြားသည်။

အဆိုပါ လားရှိုးမြို့ရှိ အမှတ် ၉ တပ်မတော် ဆေးရုံ(ကုတင် ၁၀၀) အား ပြီးခဲ့သည့် နှစ်ရက်ခန့်မှစ၍ MNDAA နှင့် ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (သြဂုတ် ၁ ရက်) တွင် ဆေးရုံအတွင်းသို့ ဝင်ရောက်စီးနင်းခံခဲ့ရပြီး အဆိုပါဆေးရုံတွင် တပ်မတော်မှ ဒဏ်ရာရနေသူများ၊ လားရှိုးမြို့ တိုက်ပွဲစတင်ချိန်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူရန် မရသဖြင့် တပ်မတော်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိနေသော ဒေသခံအချို့လည်းရှိနေကြောင်း ကြားသိရသည်။

အချို့သော ဒဏ်ရာရသူများ လူနာများကို ပိုမိုလုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားမှုများရှိခဲ့သည်ဟု ကြားသိရသော်လည်း ယနေ့(သြဂုတ် ၂ ရက်) နံနက်အစောပိုင်းတွင် ဆေးရုံစီးနင်းခံရမှုအတွင်း အခြေအနေအသေးစိတ်ကိုမူ သိရှိရန် ခက်ခဲလျက်ရှိသည်။

ယနေ့(သြဂုတ် ၂ ရက်) မွန်းလွဲအချိန်ထိ ရမခတွင် တိုက်ပွဲများ ပြင်းထန်နေပြီး တပ်မတော်နှင့် MNDAA အကြား တိုက်ပွဲအခြေအနေများမှာ ရှုတ်ထွေးလျက်ရှိကာ သဲကွဲစွာ မသိနိုင်သည့် အခြေအနေဖြစ်နေသည်။

ထို့အပြင် ဆေးရုံစီးနင်းတိုက်ခိုက်ခံရမှုနှင့် သတ်ဖြတ်ခံရမှုအခြေအနေအပေါ် သတင်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ယခုအချိန်အထိ ဝေ၀ါးနေဆဲဖြစ်ကာ ယင်းဖြစ်စဉ် အသေးစိတ်အား စုံစမ်းစစ်ဆေးမှုကို စနစ်တကျ ပြုလုပ်ပြီးမှသာလျှင် တိတိကျကျ သိရှိနိုင်မည်ဖြစ်သည်။

ယင်းကဲ့သို့ တပ်ဆေးရုံ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံး မှု အခြေအနေများနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ အနေဖြင့်  လက်ရှိအချိန်ထိ သတင်းမီဒီယာများ၏ မေးမြန်မှုအပေါ် တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးပေ။ ယင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်များ ထပ်မံရရှိပါက အချိန်နှင့်တပြေးညီ ဖော်ပြပေးမည်ဖြစ်ပါသည်။

Most Read

Most Recent