ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀ ကျော် မြင့်တက်လာပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ၌ တန်းစီသည့်မော်တော်ယာဉ်များ သိသိသာသာ လျော့ကျခြင်းမရှိသေး

ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀ ကျော် မြင့်တက်လာပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ၌ တန်းစီသည့်မော်တော်ယာဉ်များ သိသိသာသာ လျော့ကျခြင်းမရှိသေး
Published 2 August 2024

ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀ ကျော် မြင့်တက်လာပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ၌ တန်းစီသည့် မော်တော်ယာဉ် သိသိသာသာလျော့ကျခြင်းမရှိသေးဟု မြို့ခံများက ပြောကြားသည်။

သြဂုတ် ၂ ရက်တွင် ရန်ကုန်မြို့၌ ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၇၇၀၊ ၉၅ တစ်လီတာ ၂၈၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၂၄၅၀ ဖြစ်ပြီး မန္တလေးမြို့တွင် ၉၂ တစ်လီတာ ကျပ် ၂၈၅၀၊ ၉၅ တစ်လီတာ ၂၉၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁ ရက်တွင် ရန်ကုန်မြို့၌ ရောင်းချခဲ့သည့် စျေးနှုန်းများအနေဖြင့် ၉၂ တစ်လီတာကျပ် ၂၆၃၀၊ ၉၅ တစ်လီတာ ကျပ် ၂၇၅၀၊ ဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်ဖြစ်သည်။

ယင်းသို့ စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ စက်သုံးဆီဆိုင်များတွင်တန်းစီစောင့် ဆိုင်းပြီး ဝယ်ယူရသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သိသိသာသာလျော့ကျခြင်း မရှိသေးဟု သိရသည်။

ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းပြီးဆီဝယ်ယူရသည့် ဖြစ်စဉ်များ စတင်လာကာ သြဂုတ် ၁ ရက်တွင် တန်းစီရသည့်မော်တော်ယာဉ် ပိုများလာခဲ့သည်။

“ဒီနေ့က မနက်ကတည်းက ထပြီးတန်းစီလိုက်တာ တစ်နာရီကျော်လောက်မှ ဆီထည့်လို့ရတယ်”ဟု တောင်ဥက္ကလာပမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီသွားရောက်ဝယ်ယူခဲ့သည့် မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

အလားတူ မန္တလေးမြို့တွင်လည်း စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ယခင်ရက်များထက်  အနည်းငယ်သာလျော့ကျခဲ့ပြီး နံနက်အစောပိုင်းတွင် တန်းစီမှုများရှိခဲ့သည်ဟု မြို့ခံ တစ်ဦးက ပြောကြားသည်။

“ဆီဆိုင်နဲ့နီးတဲ့အိမ်တွေဆို မနက် ၄ နာရီလောက်ထပြီး တန်းစီကြတာရှိတယ်။ ကားတန်းနဲ့ ဆိုင်ကယ်တန်းက မနေ့ကလောက်တော့ မဆိုးတော့ဘူး။ နည်းနည်းလျော့လာတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့်ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု စက်သုံးဆီအသင်းက ထုတ်ပြန်သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက်လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများ‌သို့ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင်ပိုမိုခဲ့ကြောင်း၊ သီလဝါရှိ စက်သုံးဆီသိုလှောင်ကန်များတွင်လည်း ဆီလုံလောက်စွာရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများလည်း စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း၊ စက်သုံးဆီ ပိုမိုလျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန်လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း စက်သုံးဆီအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent