အမရပူရမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းခွင် တာရိုးကျိုးပေါက်၍ ပျောက်ဆုံးနေသူ ၇ ဦးကို တစ်ရက်ကျော်ကြာသည်အထိ ပြန်လည်မတွေ့ရှိသေး

အမရပူရမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းခွင် တာရိုးကျိုးပေါက်၍ ပျောက်ဆုံးနေသူ ၇ ဦးကို တစ်ရက်ကျော်ကြာသည်အထိ ပြန်လည်မတွေ့ရှိသေး
Published 15 July 2024

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာအနီး ဧရာဝတီမြစ်ဘေးတွင် တည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်  တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်ကာ အလုပ်သမားခုနှစ်ဦး ပျောက်ဆုံးမှု ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိသော်လည်း တစ်ရက်ကျော်ကြာသည်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရှိရသည် ။

 ဖြစ်စဥ်မှာ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာထိပ်၊ ဧရာဝတီမြစ်အတွင်း(အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ)တွင် ရေဆိုးထုတ်ပြွန်အား တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် သဲဖြင့်ကာရံထားသောတုတ်မှ ရေများဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေသူ အလုပ်သမား ကျား(၁၀)ဦးအနက် ကျား(၇)ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွား​ခဲ့ခြင်းဖြစ်ကြောင်း ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည် ။

အဆိုပါ ယက္ကန်းတော်ကျေးရွာ အနီး ဧရာဝတီမြစ်ဘေးတစ်လျှောက်တွင်  သဲမြေဖို့၍   ဆောက်လုပ်လျက်ရှိသည့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၏ တစိတ်တပိုင်းတွင် ပါဝင်သော  လုပ်ငန်းခွင်အတွင်း တာရိုးကျိုးပေါက်ကာ  ရုတ်တရက် မြစ်ရေများ ဝင်ရောက်ခဲ့သော်လည်း ယင်းနှင့်စပ်ဆက်နေသော လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည် ။

မန္တလေးမြို့ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းဧရိယာဝန်းကျင် မြေ ဧက ၂၀ဝ၀ ပေါ်တွင် ကနဦး မတည်ငွေ ၅၀၀ ဘီလျံကျပ် ရင်းနှီးမြုပ်နှံ အကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါ အမရပူရမြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဥက္ကဌ အဖြစ် တာဝန်ယူ ဆောက်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင်   MBCCD (Mandalay Business Capital City Development )   ကုမ္ပဏီမှာ အမရပူရဖြို့ပြဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သောလီမိတက် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကြောင်း သိရှိရသည်။

 အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်း ၇ ပိုင်း ပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ် ကြာမြင့်မည်ဖြစ်ကြောင်း  ၂၀၁၆ ခုနှစ်က ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်များအရ သိရှိရသည် ။

 

Most Read

Most Recent