ရန်ကုန်၊ မန္တလေးမှ လားရှိုးသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းအချို့ ယာဉ်ပြေးဆွဲမှု ရပ်နားထား

ရန်ကုန်၊ မန္တလေးမှ လားရှိုးသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းအချို့ ယာဉ်ပြေးဆွဲမှု ရပ်နားထား
Published 4 July 2024

လားရှိုးသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းအချို့ ယာဉ်ပြေးဆွဲမှု ရပ်နားထားလျက်ရှိကြောင်း အဝေးပြေးယာဉ်လိုင်းအချို့ထံမှ သိရသည်။

ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့များမှ လားရှိုးသို့ ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းအချို့ ရပ်နားထားခြင်းဖြစ်ပြီး ပြန်လည်ပြေးဆွဲနိုင်မည့်ရက်ကို မသိရှိရသေးကြောင်း သိရသည်။

“လောလောဆယ်တော့ ခဏရပ်နားထားပါတယ်။ ပြန်ပြေးဆွဲမယ့်ရက်ကို ပြန်ပြောပေးပါ့မယ်” ဟု မြတ်မန္တလာထွန်းယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ မန်းရွှေပြည်ယာဉ်လိုင်းကလည်း ဇူလိုင် ၇ ရက်အထိသာ လားရှိုးသို့ ပြေးဆွဲမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် တစ်လခေတ္တရပ်နားထားမည်ဟု အဆိုပါယာဉ်လိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

“လားရှိုး-ရန်ကုန် ခရီးစဉ်များအား ၇ လပိုင်း ၁ ရက်နေ့၊ (၁.၇.၂၀၂၄) ပြေးဆွဲပြီးပါက ၇ လပိုင်း ၂ ရက် (၂.၇.၂၀၂၃) ရက်နေ့မှစ၍ တစ်လခေတ္တရပ်နားထားပါမည်ဖြစ်ပါကြောင်း အထူးအကြောင်းကြားအပ်ပါသည် ခင်ဗျာ။ ပြန်လည်ထွက်ရှိမည့် နေ့စွဲအား အချိန်နှင့်အမျှ ကြေငြာပေးသွားပါမည်ခင်ဗျာ” ဟု အဆိုပါယာဉ်လိုင်းက ရေးသားထားသည်။

လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသုံးဦးအပါအဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၃) အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးသုံးဦးအပါအဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

သောင်းကျန်းသူများသည် ဇူလိုင် ၃ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က လားရှိုးမြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ အဆိုပါဒုံးသီးများသည် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကလေးသုံးဦးအပါအဝင် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent