တောင်ကိုရီးယားက မြောက်ကိုရီးယား သံတမန်ဟောင်းကို ဒုတိယဝန်ကြီးအဆင့် ရာထူးခန့်အပ်

တောင်ကိုရီးယားက မြောက်ကိုရီးယား သံတမန်ဟောင်းကို ဒုတိယဝန်ကြီးအဆင့် ရာထူးခန့်အပ်
မြောက်ကိုရီးယားသံတမန်ဟောင်း ထယ်ယုံဟို ဆိုးလ်မြို့၌ မီဒီယာများအား ရှင်းလင်းပြောကြားနေပုံကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(Photo: AP)
မြောက်ကိုရီးယားသံတမန်ဟောင်း ထယ်ယုံဟို ဆိုးလ်မြို့၌ မီဒီယာများအား ရှင်းလင်းပြောကြားနေပုံကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(Photo: AP)
Published 18 July 2024

ဇူလိုင် ၁၈ ရက်က တောင်ကိုရီးယား သမ္မတယွန်းဆော့ယိုသည် မြောက်ကိုရီးယား သံတမန်ဟောင်းတစ်ဦးဖြစ်သူ ထယ်ယုံဟိုအား ဒုတိယဝန်ကြီးအဆင့်ရာထူး ခန့်အပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ သူသည် တောင်ကိုရီးယားဘက်သို့ ပြောင်းရွှေ့ခိုလှုံခဲ့သော ထောင်နှင့်ချီသည့် မြောက်ကိုရီးယား နိုင်ငံသားများအနက် တောင်ကိုရီးယားအစိုးရ၏ ရာထူးအကြီးဆုံးပေးအပ်ခြင်းခံရသူ ဖြစ်လာခဲ့သည်။      

ထယ်ယုံဟိုသည် လန်ဒန်မြို့ရှိ မြောက်ကိုရီးယားသံရုံး၏ အကြီးတန်းသံတမန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၆ ခုနှစ်က တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်သည်။

၎င်း၏သားသမီးများ မြောက်ကိုရီးယားတွင် စိတ်ဆင်းရဲစွာဖြင့် ရှင်သန်နေထိုင်ရမည်ကို မလိုလားသကဲ့သို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အစိုးရတာဝန်ရှိသူများကို ကွပ်မျက်မှုနှင့် ၎င်း၏နျူကလီးယားရည် မှန်းချက်များအပေါ် စိတ်ပျက်မှုကြောင့် ယင်းသို့ ဘက်ပြောင်းခဲ့ခြင်းဖြစ်သည်ဟု ထယ်ယုံဟိုက ပြောကြားထားသည်။

မြောက်ကိုရီးယားကမူ ၎င်းကို အသုံးမကျသူဟု ခေါ်ဝေါ်ခဲ့ပြီး အစိုးရဘဏ္ဍာများကို အလွဲသုံးစားလုပ်ခြင်းနှင့် အခြားပြစ်မှုများကို ကျူးလွန်ခဲ့သူဖြစ်သည်ဟု စွပ်စွဲထားသည်။                  

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ၎င်းကို ငြိမ်းချမ်းစွာပေါင်းစည်းရေးဆိုင်ရာ အကြံပေးကောင်စီ အထွေထွေအတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့သည်။ အဆိုပါ ရာထူးသည် ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာပေါင်း စည်းရေးအတွက် သမ္မတအား မူဝါဒပိုင်းအရ အကြံပေးရခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် သူသည် တောင်ကိုရီးယားအစိုးရ၏ ဒုတိယဝန်ကြီးအဆင့် ရာထူးကို ခန့်အပ်ခံရသည့် ပထမဆုံး မြောက်ကိုရီးယား ပြည်ပြေးတစ်ဦးဖြစ်လာခဲ့သည်။ တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသည့် မြောက်ကိုရီးယားနိုင်ငံသား ၃၄,၀၀၀ ခန့်ရှိကြောင်း ပေါင်းစည်းရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ထယ်ယုံဟိုသည် ၂၀၂၀ ခုနှစ်တွင် တောင်ကိုရီးယားလွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ တောင်ကိုရီးယား၌ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် အခြားသော မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံသူများလည်းရှိသည်။

၎င်းသည် မြောက်ကိုရီးယားတွင် နေထိုင်ခဲ့သည့် အတွေ့အကြုံရှိပြီး တောင်ကိုရီးယား လွှတ်တော်၏ နိုင်ငံခြားမူဝါဒရေးရာနှင့် ပေါင်းစည်းရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း အတွေ့အကြုံရှိသူ ဖြစ်သည့်အတွက် ၎င်းရာထူးနှင့် သင့်တော်သူဖြစ်ကြောင်း သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား ပြည်ပြေးအများစုမှာ ၁၉၉၀ ပြည့်လွန်နှစ် အလယ်ပိုင်းကာလများက မြောက်ကိုရီးယားတွင် အလွန်ဆိုးရွားသော အငတ်ဘေးကျရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ တောင်ကိုရီးယားသို့ရောက်ရှိချိန်တွင် တောင်ကိုရီးယားအစိုးရက နိုင်ငံသားခံယူခွင့်ပေးခဲ့ပြီး တိုက်ခန်းများကို အခမဲ့နီးပါးချထားပေးကာ ရွှေ့ပြောင်းအခြေချသည့် ကုန်ကျစရိတ်များနှင့် အခြားအထောက်အပံ့များပေးခဲ့ကြောင်း သိရသည်။

သို့သော် ဆင်းရဲချွတ်ခြုံကျပြီး အမည်ခံဆိုရှယ်လစ်ဝါဒီ အာဏာရှင်နိုင်ငံမှ ရောက်လာသူများ ဖြစ်သည့်အတွက် မြောက်ကိုရီးယား ပြည်ပြေးအများအပြားသည် အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများနှင့် ကြုံတွေ့ရပြီး အရင်းရှင်ဝါဒကျင့်သုံးသည့် အပြိုင်အဆိုင်များသော တောင်ကိုရီးယားတွင် ဘဝသစ်စတင်ရန် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းတို့အား တွေ့ဆုံမေးမြန်းမှုများနှင့် သဘောထားစစ်တမ်းကောက် ယူမှုများအရ သိရသည်။

မြောက်ကိုရီးယား ပြည်ပြေးအများစုသည် တရုတ်နှင့် နယ်စပ်တစ်လျှောက်ရှိ ဆင်းရဲနွမ်းပါးသော မြောက်ပိုင်းဒေသများမှ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

Ref: AP

Most Read

Most Recent