အိန္ဒိယနိုင်ငံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဓါတ်ရောင်ခြည်သုံးကင်ဆာရောဂါကုသစက် လှူဒါန်း

အိန္ဒိယနိုင်ငံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဓါတ်ရောင်ခြည်သုံးကင်ဆာရောဂါကုသစက် လှူဒါန်း
Published 18 July 2024

အိန္ဒိယနိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာန၊ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဓါတ်ရောင်ခြည်သုံးကင်ဆာရောဂါကုသစက် ဓါတ်ရောင်ခြည်သုံးကင်ဆာရောဂါကုသစက်(Bhabhatron-II and Imagin Simulator) လှူဒါန်းခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဓါတ်ရောင်ခြည်သုံးကင်ဆာရောဂါကုသစက် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဓါတ်ရောင်ခြည်ဆေးကုဌာနနှင့် (၇) ထပ်ဆောင်ဆေးကုသဆောင်သစ်၊ ဆဋ္ဌမထပ်၊ အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၈ ရက်၊ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဦးစွာ ကင်ဆာရောဂါဓါတ်ရောင်ခြည်ဆေးကုဌာန၊ Bhabhatron စက်ခန်းရှေ့တွင် လှူဒါန်းသည့် ကဗ္ဗည်းမော်ကွန်းကြေးပြားကို န့ံသာရည်ပက်ဖျန်းကာ တာဝန်ရှိသူများ စက်ခန်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

ထို့နောက် (၇) ထပ်ဆောင်ဆေးကုသဆောင်သစ်၊ ဆဋ္ဌမထပ်၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur က Bhabhatron-II and Imagin Simulator စက်လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur က '' မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အရေးကြီးသော ထောက်ပံ့ကူညီမှု စီမံကိန်းပြီးမြောက်ခြင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုဘဝကျန်းမာပျော်ရွှင်ခြင်းတို့ ပိုမိုတိုးတက်လာစေရန် အိန္ဒိယနိုင်ငံ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း၊ ဤစီမံကိန်းသည် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသည် ကျွန်ုပ်တို့၏ မိတ်ဆွေအိမ်နီးချင်းနိုင်ငံများအတွက် စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း " ထည့်သွင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား အိန္ဒိယနိုင်ငံသံအမတ်ကြီးထံပေးအပ်ခဲ့ကြောင်း သိရသည်။ 

ယင်းကင်ဆာရောဂါကုသစက်၏ ဘက်စုံအသုံးပြုနိုင်မှုသည် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးတွင် ကင်ဆာရောဂါကုသနိုင်ပြီး အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာရှိ ကင်ဆာဌာနအသီးသီးမှ ထိရောက်သော ကုသမှုပုံစံအဖြစ် ကျယ်ပြန့်စွာ လက်ခံထားကြောင်း အိန္ဒိယသံရုံးမှ သိရသည်။ 

ထို့ပြင် Bhabhatron-II သည် အထူးကုသရန်လိုအပ်နေသည့် ကင်ဆာဝေဒနာရှင်များကို ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းအတွက် နောက်ဆုံးပေါ်နှင့် အထိရောက်ဆုံးနည်းပညာဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓါတ်ရောင်ခြည်သုံးကင်ဆာရောဂါကုသစက်(Bhabhatron-II and Imagin Simulator)သည် အိန္ဒိယနိုင်ငံမှ ထုတ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံသည် ရန်ကုန်သာမက မန္တလေး၊ မုံရွာ၊ စစ်တွေနှင့် နေပြည်တော်တို့ တွင်ရှိသော ဆေးရုံများအား ဆေးဘက်ဆိုင်ရာ ကိရိယာများထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးအကူအညီများ တိုးမြှင့်မှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယသံရုံမှ သိရသည်။ 



 

Most Read

Most Recent