ယူကရိန်း၏ ဒရုန်း ၃၃ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ယူကရိန်း၏ ဒရုန်း ၃၃ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
၂၀၂၃ ခုနှစ် သြဂုတ် ၂၀ ရက်က ယူကရိန်းနိုင်ငံ ဘက်မွတ်မြို့တွင် ယူကရိန်းစစ်သားတစ်ဦးက ဒရုန်းတစ်စင်းကို လွှတ်တင်နေစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် သြဂုတ် ၂၀ ရက်က ယူကရိန်းနိုင်ငံ ဘက်မွတ်မြို့တွင် ယူကရိန်းစစ်သားတစ်ဦးက ဒရုန်းတစ်စင်းကို လွှတ်တင်နေစဉ်(Photo: AFP)
Published 18 July 2024

ခရိုင်းမီးယားကျွန်းဆွယ်ပေါ်တွင် ယူကရိန်း၏ ဒရုန်း ၃၃ စင်းနှင့် ထိုကျွန်းဆွယ်သို့ ဦးတည်လာသည့် ရေတပ်သုံးဒရုန်း ၁၀ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်၏ ကောင်းကင်ယံတွင် ဒရုန်း ၃၃ စင်းကို လေကြောင်းကာကွယ်ရေးစနစ်များက ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ခရိုင်းမီးယားကျွန်းဆွယ်သို့ ဦးတည်လာသည့် မောင်းသူမဲ့တိုက်ခိုက်ရေး ရေယာဉ် ၁၀ စင်းကိုပင်လယ်နက်အတွင်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ခရိုင်းမီးယားကျွန်းပေါ်တွင် ကျယ်လောင်သည့် ဆူညံသံများသည် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကို ရုရှားစစ်တပ်က ကြားဖြတ်ပစ်ချရာမှ ထွက်ပေါ်လာသည့် အသံများဖြစ်သည်ဟု စီဗက်စတိုပိုးလ်မြို့ အုပ် ချုပ်ရေးမှူး မီဟိုင်းရက်ဇ်ဗိုဇာယက်ဗ်က ဇူလိုင် ၁၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကုန်ပိုင်းကလည်း ယူကရိန်းသည် အမေရိကန်ဒုံးကျည်များကို အသုံးပြုပြီး ခရိုင်းမီးယားဒေသတွင် ပြင်းထန်သည့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သဖြင့် ကလေးနှစ်ဦး အပါအဝင်လူလေးဦး သေဆုံးခဲ့ပြီး လူ ၁၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ရုရှားက ခန့်အပ်ထားသည့် ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။

 ထို့ပြင် ဇူလိုင် ၁၇ ရက်ညအချိန်က ရုရှားနိုင်ငံ အနောက်ဘက်ဘာယန့်စ်ဒေသတွင် ဒရုန်းနှစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘိုဂိုမက်ဇ်က Telegram တွင် ပြောကြားခဲ့သည်။

ယူကရိန်းသည် ယခုနှစ်အတွင်း ရုရှားနယ်နမိတ်ကို တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခဲ့ကာ ရုရှားစစ်တပ်အတွက် လောင်စာများထောက်ပံ့ပေးနေသည့် စွမ်းအင်စက်ရုံများ၊  ခရိုင်းမီးယားဒေသနှင့် နယ်စပ်ရှိမြို့များ၊ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ရုရှားနှင့် ယူကရိန်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးကတည်းက ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် ယူကရိန်းကို အဓိက ကူညီထောက်ပံ့ပေးနေသည့် အမေရိကန်နှင့် ရုရှားအကြား တင်းမာမှုများလည်း ပိုမိုမြင့်တက်ခဲ့သည်။

အမေရိကန်သည် ၂၀၂၆ ခုနှစ်မှစပြီး ဂျာမနီတွင် Tomahawk ခရုဇ်ဒုံးကျည်များ အပါအဝင် တာဝေးပစ်လက်နက်များကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း နေတိုးအစည်းအဝေးအတွင်း ဇူလိုင် ၁၀ ရက်က ကြေညာခဲ့ပြီး ရုရှားက ထိုအစီအစဉ်ကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဂျာမနီတွင် ဒုံးကျည်များ ဖြန့်ကြက်ချထားမည်ဆိုပါက ဥရောပနိုင်ငံများ၏ မြို့တော်များသည် ရုရှားဒုံးကျည်များအတွက် ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု ကရင်မလင်က ဇူလိုင် ၁၃ ရက်တွင် သတိပေးခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံက ဥရောပမှာရှိတဲ့ အမေရိကန်ဒုံးကျည်တွေရဲ့ ပစ်မှတ်ဆိုရင် ဥရောပဟာလည်း ကျွန်တော်တို့ ဒုံးကျည်တွေရဲ့ပစ်မှတ်ဖြစ်ပါတယ်”ဟု ကရင်မလင်ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။

Ref: AFP

 

 

 

Most Read

Most Recent