ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ဇွန် ၂၈ ရက်က ထိုင်ဝမ်၏ တိုင်ချွန်မြို့ရှိ စစ်စခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၂၈ ရက်က ထိုင်ဝမ်၏ တိုင်ချွန်မြို့ရှိ စစ်စခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
Published 5 July 2024

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၃၆ စင်းကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့် ဒရုန်းများအပါအဝင် နောက်ထပ် လေယာဉ် ၂၆ စင်းကို ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၅၅ မိနစ်အချိန်က တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်တွင် မေ ၂၀ ရက်က သမ္မတသစ် လိုင်ချင်တယ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် သုံးရက်အကြာတွင် တရုတ်က ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစားစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကာ စစ်ရေးဖိအားများ တိုးမြှင့်ခဲ့ သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ် ၆၂ စင်းစေလွှတ်ခဲ့ကာ ထိုစစ်လေယာဉ်အရေအတွက်သည် တစ်ရက်အတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ စေလွှတ်သည့် တရုတ် စစ်လေယာဉ်အရေအတွက် အများဆုံးစံချိန် ဖြစ်ခဲ့သည်။

ဇူလိုင် ၅ ရက် နံနက် ၆ နာရီတွင်အဆုံးသတ်သည့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် မောင်းနှင်နေသည့် တရုတ်စစ်လေယာဉ် ၃၆ စင်းနှင့် ရေတပ်သင်္ဘောနှစ်စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝမ်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် နောက်ထပ်လေယာဉ် ၂၆ စင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟု ဒုတိယမြောက် ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့သည်။

မိမိတို့နေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သင့်လျှော်သလို တုံ့ပြန်ဆောင်ရွက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ ကင်မန်ကျွန်းစုအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ထိုင်ဝမ်ဒေသ ခံနှစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား သုံးဦးလိုက်ပါသွားသည့် ငါးဖမ်းသင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးရန် ထိုင်ဝမ်က တရုတ်ကို တောင်းဆိုခဲ့ပြီးနောက် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်၏ ဖူကျန်းပြည်နယ် ကွမ်ကျိုးမြို့ကမ်းလွန်တွင် တရားမဝင်ငါးဖမ်းခဲ့သည်ဟု သံသယရှိရသည့် ထိုသင်္ဘောသည် ဇူလိုင် ၂ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

သို့သော် ထိုင်ဝမ် ငါးဖမ်းလုပ်ငန်းအေဂျင်စီကမူ ထိုင်ဝမ်နှင့်တရုတ်ကြား ပုံမှန် ငါးဖမ်းလေ့ရှိသည့် ရေပြင်အတွင်း ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုငါးဖမ်းသင်္ဘောသည် တရုတ်က မေ ၁ ရက်မှ သြဂုတ် ၁၅ ရက်အတွင်း ငါးဖမ်းမှု ရပ်နားကာလအဖြစ် ကြေညာထားသည့် ကျင်ကျန်းမြို့ကမ်းလွန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု လက်ထောက် ထိုင်ဝမ် ကမ်းခြေစောင့် တပ်ဖွဲ့အကြီးအကဲ ရှဲ့ချိန်ချင်က ပြောကြားခဲ့သည်။

ထိုနေရာတွင် ငါးဖမ်းနေသည့် အခြားငါးဖမ်းသင်္ဘောများ အစင်းရေ ၅၀ မှ ၆၀ ကြားရှိပြီး ထိုင်ဝမ်ငါးဖမ်း သင်္ဘောသည် ကံမကောင်းစွာဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု အခြားအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု သတိပေးထားသည်။

ထိုင်ဝမ်ကမူ ထိုင်ဝမ်ကျွန်း၏အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့ပြီး တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကြေညာချက်ကို ငြင်းဆိုခဲ့သည်။

ထိုင်ဝမ်နှင့် တရုတ်အကြား လူသေဆုံးမှုများရှိခဲ့သည့် ငါးဖမ်းသင်္ဘောမတော်တဆမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ထိုင်ဝမ်၏ ကင်မန်ကျွန်းအနီးတွင် ကင်းလှည့်မှုများကို အရှိန်မြှင့်တင်ခဲ့ သည်။

Ref:AFP

                                              

Most Read

Most Recent