အင်ဒိုနီးရှား၏ နိုင်ငံတော်အဆင့် သတင်းအချက်အလက် မှတ်တမ်းသိမ်းဆည်းရေးဌာနကို ဟက်ကာများက ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး ဒေါ်လာရှစ်သန်း တောင်းခံခဲ့

အင်ဒိုနီးရှား၏ နိုင်ငံတော်အဆင့် သတင်းအချက်အလက် မှတ်တမ်းသိမ်းဆည်းရေးဌာနကို ဟက်ကာများက ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး ဒေါ်လာရှစ်သန်း တောင်းခံခဲ့
၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင်ပြုလုပ်သည့် ဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာအသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင်ပြုလုပ်သည့် ဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာအသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
Published 25 June 2024

အင်ဒိုနီးရှားနိုင်ငံ၏ ရာနှင့်ချီသည့် အစိုးရရုံးများ၏ အချက်အလက်မှတ်တမ်းများကို သိမ်းဆည်းထားသည့် နိုင်ငံတော်အဆင့် အချက်အလက်မှတ်တမ်းသိမ်းဆည်းရေးဌာနကို ဟက်ကာများက ဆိုက်ဘာတိုက်ခိုက်ခဲ့သ ဖြင့် ဂျကာတာမြို့တော်၏ အဓိကလေဆိပ်တွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားခဲ့ပြီး ဟက်ကာများက ဒေါ်လာ ၈ သန်းတောင်းခံခဲ့သည်ဟု အရာရှိများက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ကွန်ပျူတာစနစ်များ ပြတ်တောက်သွားခဲ့ပြီးနောက် ဂျကာတာမြို့တော်ရှိ ဆိုကာနို-ဟတ်တာ နိုင်ငံတကာလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး ဂိတ်ပေါက်များတွင် လူပေါင်းတန်းစီစောင့်ဆိုင်းခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

LockBit အမည်ရှိ ရုရှားဟက်ကာအဖွဲ့က တီထွင်ခဲ့သည့် ဆော့ဖ်ဝဲကို အသုံးပြုပြီး  ဆိုက်ဘာတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့်ရှိသည့် ရုံးဌာနပေါင်း ၁၂၀ ခန့်ကို ထိခိုက်စေခဲ့သည်ဟု ထိပ်သီးအရာရှိတစ်ဦးဖြစ်သည့်  ဆမ်မြူရယ်အက်ဘ်ရီဂျာနီ ပန်ဂျာရာပန်က ဇွန် ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါစနစ်ကို အကောင်းအတိုင်းပြန်လည်ရရှိလိုပါက ဒေါ်လာ ၈ သန်းပေးရမည်ဟု ဟက်ကာများက တောင်းဆိုခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရသည့်ရုံးဌာနများ၏ ကွန်ပျူတာစနစ်များကို ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ဇွန် ၂၅ ရက်နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ခဲ့သည်ဟု ဆမ်မြူရယ်က ပြောကြားခဲ့သည်။

အစိုးရ၏ အချက်အလက်များကိုဖုံးကွယ်ပြီး ဝင်ရောက်ကြည့်ရှုခွင့်မရအောင် လုပ်ဆောင်နိုင်သည့် Brain Cipher ဟုလူသိများသည့် ransomware ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

LockBit အဖွဲ့၊ ၎င်းနှင့်ဆက်နွှယ်သည့် ဟက်ကာအဖွဲ့များသည် အစိုးရအဖွဲ့များ၊ အကြီးစားကုမ္ပဏီများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကိုပစ်မှတ်ထားပြီး ဆိုက်ဘာတိုက် ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ဒေါ်လာဘီလျံချီ ဆုံးရှုံးနစ်နာမှုများဖြစ်စေခဲ့ကာ ၎င်းတို့ဆိုက် ဘာတိုက်ခိုက်ခဲ့သည့် ပစ်မှတ်များထံမှ ဒေါ်လာသန်းနှင့်ချီပြီး ငွေညှစ်လေ့ရှိသည်။

ပြီးခဲ့သည့်လကလည်း အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် LockBit ဟက်ကာအဖွဲ့၏ ခေါင်းဆောင်များကို ပိတ်ဆို့မှုများကြေညာခဲ့ပြီး ထိုဟက်ကာများသည် ထောင်နှင့်ချီသည့် နစ်နာသူများထံမှ ဒေါ်လာဘီလျံချီခြိမ်းခြောက်ငွေညှစ်နေကြောင်း စွပ်စွဲခဲ့သည်။

LockBit အဖွဲ့သည် ပြီးခဲ့သည့်နှစ်က တစ်ကမ္ဘာလုံးဆိုင်တွင်ဖြစ်ပွားခဲ့သည့် ransomware တိုက်ခိုက်မှုစုစုပေါင်း၏ လေးပုံတစ်ပုံကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ထောင်နှင့်ချီသည့် နစ်နာသူများထံမှ ဒေါ်လာ ၁ ဘီလျံကို ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

LockBit အဖွဲ့အဓိကပစ်မှတ်ထားသည့် နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ဥရောပရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent